တပ်မတော်က ဖမ်းဆီးထားသည့် ကျောင်းအုပ်ဆရာမအမှု ဖြေလျှော့ပေးရန် မိသားစု အသနားခံ
DVB
·
January 20, 2021
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဖြူရောင်ကျေးရွာက ကျောင်းအုပ်ဆရာမကို တပ်မတော်က ဖမ်းဆီးသွားပြီး ပုဒ်မ ၁၇/၁ မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေတာကို ဖြေလျှော့ပေးဖို့ မိသားစုနဲ့ရပ်ရွာလူထုက ကာကွယ်ရေးဦးစီးချုပ်ထံ သနားခံစာတင်ထားတယ်လို့ သိရပါတယ်။
မိသားစုဝင်နဲ့ ရပ်ရွာလူထု ၁၀၀ လောက်က လက်မှတ်ထိုးပြီး အမှုကို ဖြေလျှော့ပေးဖို့ အသနားခံစာ တင်ထားတာဖြစ်ပါတယ်။
ကျောင်းအုပ်ဆရာမကို တပ်မတော်က စစ်ဆေးစရာကိစ္စရှိတယ်ဆိုပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ရမန်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရုံးထုတ်မှာ ကျောင်းအုပ်ဆရာမကို မိသားစုဆွေမျိုးတွေနဲ့ ရွာသူရွာသားတွေက တွေ့ဆုံဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ဖူးလို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျောင်းအုပ်ဆရာမဟာ မာနားရွာသစ်မှာ တာဝန်ကျနေတာဖြစ်ပြီး TNLA လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်နွှယ်ပတ်သက်မှုရှိတယ်လို့ ထင်တာကြောင့် အခုလို တရားစွဲခံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဆရာမနေထိုင်တဲ့ဖြူရောင်ကျေးရွာဟာ ပလောင်လူမျိုးအများဆုံးနေထိုင်တဲ့ကျေးရွာဖြစ်ပြီး TNLA အဖွဲ့က လာရောက်လေ့ရှိကာ သူတို့တွေမှာ သေနတ်တွေပါတာကြောင့် ရွာသူရွာသားတွေအနေနဲ့ မငြင်းဆန်ရဲသလို ရပ်ကျေးဥက္ကဋ္ဌကလည်း ခွင့်ပြုတာကြောင့် ထမင်းပို့တာမျိုးတွေရှိကြတယ်လို့ ရွာသူရွာသားတွေက ပြောပါတယ်။
သတင်း - ဟန်နာထက်အောင်