ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း မန်ဇူကစ်ကို အေစီမီလန်က ရာသီကုန်အထိ ခေါ်ယူ

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း မာရီယိုမန်ဇူကစ်ကို ရာသီကုန်အထိ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ဇူကစ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကာတာကလပ် အယ်လ်ဒူဟိုင်အသင်းကနေ ထွက်ခွာလာကတည်းက အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။ မီလန်အသင်းက သူ့ကို ကနဦး ရာသီဝက်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်မှာ နောက်တစ်နှစ် ထပ်မံသက်တမ်းတိုးဖို့ သဘောတူညီချက်လည်း ပါဝင်နေပါတယ်။  အသက် ၃၄ နှစ်အရွယ် မန်ဇူကစ်ဟာ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ ပုံစံကောင်းရရှိနေတဲ့ အီဗရာဟီမိုဗစ်နဲ့ တွဲဖက်ကစားရမှာကြောင့် မီလန်အသင်းရဲ့ တိုက်စစ်ဟာ ပိုပြီးထက်မြက်လာဖို့ ရှိနေပါတယ်။ အေစီမီလန်အသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးသော စီရီးအေဖလား ရရှိရေးအတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး မန်ဇူကစ်ရဲ့ အတွေ့အကြုံက မီလန်အသင်းအတွက် အထောက်အကူဖြစ်စေနိုင်မလား စောင့်ကြည့်ရပါမယ်။  အသင်းမှာ မိုဗစ်လို ဝါရင့်တိုက်စစ်မှူးတစ်ဦး ရှိနေချိန်မှာ မန်ဇူကစ်လို အသက် ၃၄ နှစ်အရွယ် ကစားသမားကို ထပ်မံခေါ်ယူလိုက်တဲ့ မီလန်အသင်းရဲ့ ဆုံးဖြတ်ချက်က အနည်းငယ် ထူးဆန်းနေပေမယ့် သူတို့နှစ်ဦးသာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်မယ်ဆိုရင် မီလန်အသင်းရဲ့ တိုက်စစ်အင်အားဟာ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။ မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စတူဂတ်တိုဖလား ၄ လုံးရရှိခဲ့ပြီး ဘိုင်ယန်အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  မိုဗစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ မန်ဇူကစ် ရောက်ရှိလာခဲ့ခြင်းက နည်းပြ ပီအိုလီအတွက် ပွဲထွက်လူစာရင်း အပြောင်းအလဲလုပ်ဆောင်ဖို့လည်း အခွင့်အရေး ဖြစ်စေပါတယ်။  မန်ဇူကစ်ဟာ အယ်လ်ဒူဟိုင်ကနေ မထွက်ခွာခင်ကတည်းက ပွဲကစားထားခြင်း မရှိတာကြောင့် ပီအိုလီအနေနဲ့ သူ့ကို ချက်ချင်း လူစာရင်းမှာ ထည့်သွင်းမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။  မီလန်အသင်းဟာ စနေနေ့မှာ အတ္တလန္တာ၊ ဇန်နဝါရီ ၂၆ ရက်မှာ အင်တာမီလန်အသင်းတို့ရဲ့ ကစားရဖို့ရှိနေပြီး ဒီ ၂ ပွဲစလုံးရဲ့ လူစာရင်းမှာ မန်ဇူကစ် ပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဝါရင့် ခရိုအေးရှားတိုက်စစ်မှူးဟာ မီလန်အသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားသွားမှာပါ။ အင်ဇာဂီနောက်ပိုင်းကတည်းက အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်တဲ့ ကစားသမားဟာ ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာဆိုးကြောင့် မန်ဇူကစ်အနေနဲ့ အီတလီမြေမှာ တစ်ကျော့ပြန်ခြေစွမ်းပြနိုင်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်‌ေ မန်ဇူကစ် ရောက်ရှိလာခြင်းကို မိုဗစ်ကလည်း ကြိုဆိုခဲ့ပြီး သူတို့နှစ်ဦးကို ပြိုင်ဘက်တွေ ထိတ်လန့်နေလောက်ပြီလို့လည်း ပြောပါတယ်။

More News
Up