ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း အဓမ္မပြုကျင့်မှု ၁၃၈ မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း  အဓမ္မပြုကျင့်မှုပေါင်း ၁၃၈ မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ အဓမ္မပြုကျင့်ခံရမှု ၁၃၈ ကြိမ်မှာ အသက်မပြည့်သေးတဲ့သူ အဓမ္မပြုကျင့်ခံရမှု ၁၀၂ မှုထိရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ "အဓမ္မပြုကျင့်တဲ့အမှု အားလုံး​ပေါင်း ၁၃၈ မှုရှိပါတယ် အဲ့အထဲမှာ အသက် မပြည့်သေးတဲ့သူ ပြုကျင့်ခံရတာ များပါတယ်'' လို့ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း  ဧရာဝတီတိုင်းဒေသကြီးမှာ မှုခင်းဖြစ်ပွားမှု စာရင်းထဲက အမှုကြီးဖြစ်ပွားမှု ၃၂၀ ထိရှိခဲ့ပြီး အဲ့အထဲမှာ လူသတ်မှု ၁၄၉ မှုပြီးရင် အဓမ္မပြုကျင့်ခံရမှုက အများဆုံးဖြစ်ပွားနေတာပါ။ ဧရာဝတီတိုင်းမှာ ၂၀၁၉ တုန်းက အဓမ္မပြုကျင့်ခံရမှု ၁၃၇ မှုရှိခဲ့ပြီး အဲ့အထဲမှာ အသက်မပြည့်သေးတဲ့သူ အဓမ္မပြုကျင့်ခံရတဲ့အမှု ၈၉ မှုပါဝင်တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)

//
More News
Up