ကျောက်ဆည် ပြည်ပန်းဂိတ်တွင် ကိုဗစ်ပိုးတွေ့ယာဉ်မောင်း ၁ ဦး ထွက်ပြေး
DVB
·
January 19, 2021
မန္တလေးတိုင်း ကျောက်ဆည်မြို့ တောင်ဘက် ပြည်ပန်းဂိတ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့တဲ့ ယာဉ်မောင်း ၁ ဦး ထွက်ပေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
ဂတ်စ်အိုးတွေ တင်လာတဲ့ ယာဉ်မောင်းဟာ SWAB အဖြေအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်ကနေ ဆေးရုံပို့ဖို့ လုပ်ဆောင်နေစဉ်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့တယ်လို့ myanmar rescue kyaukse ပရဟိတအသင်းနာယက ဦးဟန်မျိုးအောင်က ပြောပါတယ်။
"အမျိုးမျိုး လက်လှမ်းမီသလောက် စုံစမ်းခဲ့ရာ ပလိပ်မြို့ မြွေဘုရားမှာ ရောက်ရှိနေကြောင်း သတင်းရရှိတာနဲ့ ချက်ချင်းလိုက်သွားတော့ ဘုရားအရောက် ထပ်အဆက်သွယ်ပြတ်သွားပြီး စဥ့်ကိုင်မြို့နယ်ပေါ်တော်မူ ဘုရားမှာဆိုလို့ ပေါ်တော်မူ ဘုရားနားက ချုံပုတ်ထဲမှာ ပုန်းနေလို့ မနည်း ချော့မော့ခေါ်လာပြီး ကျောက်ဆည်ဆေးရုံကြီး တာဝန်ရှိသူတွေဆီ အပ်နှံပေးခဲ့ပြီ' 'လို့ ပြောပါတယ်။
ကျောက်ဆည်မြို့နယ်ရဲစခန်းက ထွက်ပြေးသူကို သဘာဝဘေးဥပဒေနဲ့ အရေးယူအမှုဖွင့် မယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့အထိ ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၄၂ ယောက်ရှိတဲ့အနက် ကားသမား အတည်ပြုလူနာ အယောက် ၇၀ အထိ ရှိတယ်လို့ ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာနမှူး ဒေါက်တာယဥ်မင်းမင်းစိန်က ပြောပါတယ်။
သတင်း - နွေလှိုင်း(YU)၊ ဓာတ်ပုံ - ဦးဟန်မျိုးအောင်