သမ္မထရမ့် ရာထူးကဆင်းပြီးချိန်တွင် တရားစီရင်ခံရတာမျိုး မမြင်လိုဟု FBI ညွှန်မှူး ဟောင်းပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးက ဆင်းပြီးချိန်မှာ သူ့ကို စွပ်စွဲပြစ်တင်ပြီး အစိုးရ ရာထူးတွေ ထပ်မယူနိုင်အောင် တားမြစ်တာကို မြင်ချင်ပေမယ့် ရာဇဝတ်မှုတွေနဲ့ တရားစီရင်ခံရတာမျိုးကိုတော့ မမြင်ချင်ဘူးလို့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို FBI ရဲ့ ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေက ဇန်နဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ ထရမ့်ဟာ အမေရိကန် ပြည်သူတွေရဲ့ ထောက်ခံမှုကိုရဖို့ အလိမ်အညာတွေအပေါ် မှီခိုနေရတဲ့ နတ်တပိုင်း လူတပိုင်းပုဂ္ဂိုလ်လို့ ကိုမေက စကိုင်းနယူးစ် သတင်းဌာနနဲ့ လူတွေ့ မေးမြန်းချိန်မှာ ပြောပါတယ်။ ကိုမေက “ထရမ့်ဟာ ဖလော်ရီဒါပြည်နယ်က အိမ်ရဲ့မြက်ခင်းမှာ ရပ်ပြီး ရေချိုးဝတ်စုံကြီး ဝတ်ပြီး ကားတွေကို အော်ဟစ်နေနိုင်တယ်။ ကျနော်တို့ တယောက်မှ သူ့အသံကို မကြားဘူး။ ဒီအခြေအနေဟာ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်ကောင်းဖြစ်မယ်” လို့ ပြောပါတယ်။ ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် အောက်လွှတ်တော်ကို ဝင်မစီးခင်မှာ ပြောတဲ့ ထရမ့်ရဲ့ မိန့်ခွန်းအတွက် ဆူပူအုံကြွ တော်လှန်ဖို့ သွေးထိုးမှုနဲ့ ထရမ့်ကို စွပ်စွဲ ပြစ်တင်တရားစွဲဖို့ အောက်လွှတ်တော်က ဇန်နဝါရီ ၁၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဇန်နဝါရီ ၆ ရက်က အောက်လွှတ်တော်ကို တိုက်ခိုက်မှုကြောင့် လူ ၅ ယောက် သေဆုံးပြီး ထရမ့်ဟာလည်း ဒုတိယအကြိမ် စွပ်စွဲ ပြစ်တင်ခံခဲ့ရပါတယ်။ လွှတ်တော်အမတ်တွေက ထရမ့် နောက်တကြိမ် သမ္မတအဖြစ် ဝင်မပြိုင်နိုင်တော့အောင် တားနိုင်ပေမယ့် ထရမ့်ရဲ့ သမ္မတသက်တမ်းအတွင်း တရားရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ထင်ကြေးပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up