Home
မြန်မာသတင်း
ထိုင်းရဲအချုပ်ခန်းတွင် အဓမ္မကျင့်ခံရသည့် မြန်မာမိန်းကလေးအမှု ယနေ့ စစစ်မည်
DVB
·
January 18, 2021
ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့စမွီကျွန်းရှိ ဘောဖွတ်ရဲစခန်းမှာ ပြီးခဲ့တဲ့အပတ်က မြန်မာမိန်းကလေးတစ်ဦးကို အချုပ်ခန်းစောင့်ထိုင်းရဲက အဓမ္မပြုကျင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ တရားရုံးမှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။ ရဲစခန်းမှာ မြန်မာမိန်းကလေး အဓမ္မကျင့်ခံတဲ့ အကြောင်းကြားသိပြီးတဲ့နောက် ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားသံအရာရှိ ဦးထက်ဝေဖြိုးနဲ့ တာဝန်ရှိသူတွေဟာ သံအမတ်ကြီးရဲ့ ညွှန်ကြားချက်နဲ့ အဆိုပါမိန်းကလေးကို အကူအညီပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက သွားရောက်တွေ့ဆုံဆောင်ရွက်ပေးနေတယ်လို့ ရှေ့နေဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့ ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကစလို့ ဒီကိစ္စလိုက်လံဆောင်ရွက်နေပါတယ်။ အဓိက ကတော့ နစ်နာသူမိန်းကလေးကို ထိုက်ထိုက်တန်တန်ဦးစားပေးဖို့၊ ကျူးလွန်တဲ့သူနဲ့ ကျူးလွန်ရန် အခွင့်အရေးပေးတဲ့သူကို ထိုက်တန်တဲ့ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။ အခုလည်း လဝကရဲ နဲ့ ရဲတွေနဲ့ တွေ့ဖို့ချိန်းထားတယ်။ သူတို့ကတော့ ဒီအမှုကို တစ်ပတ်အတွင်းပြီးအောင်လုပ်မယ်လို့ ပြောတယ်။ ဒီနေ့ခင်း ၁ နာရီကျရင် တရားရုံးမှာစပြီး ကြိုတင်ထွက်ချက်ယူတော့မယ်။” ကျူးလွန်သူကို ချက်ချင်းအရေးမယူသေးတာကတော့ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးမှု တွေအရင်လုပ်ရကြောင်း၊ မြန်မာသံရုံးအနေနဲ့လည်း ထိုင်းဥပဒေအတိုင်းလိုက်လုပ်ရတာဖြစ်ပြီး တာဝန်ကျေအောင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ဥပဒေနဲ့ ပတ်သက်လို့ဆောင်ရွက်ရာမှာ တချို့ နေရာမှာ မြန်မာနိုင်ငံသားတွေရဲ့အမည်ဟာ  နိုင်ငံခြားသားတွေလို နစ်နိမ်းလို့ခေါ်တဲ့ မျိုးရင်း နာမည်မရှိတာကြောင့် သက်သေနာမည်တူတွေပြောင်းထည့်ပြီး အမှုကိုပျက်သွားအောင် ဆောင်ရွက်နိုင်တဲ့အချက်တွေကို ကြိုတင်ကာကွယ်ရတယ်လို့  သူကဆက်ပြောပါတယ်။  အဓမ္မပြုကျင့်ခံရသူ မြန်မာမိန်းကလေးမှာ ယခင်ကမူးယစ်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ခံယူခဲ့ပြီး လွှတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံရဖို့ အချုပ်ခန်းကနေ စောင့်ဆိုင်းစဉ် ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၂ နာရီခွဲလောက်မှာ ရဲစခန်းတာဝန်ကျ ရဲတပ်ကြပ်ကြီး ဝါ့ချ်လင်း ဆင့်ဆ မိုးဆွန် ဆိုသူက အဓမ္မပြုကျင့်ခဲ့တာပါ။ သံရုံးတာဝန်ရှိသူတွေ သွားတွေ့စဉ်က မိန်းကလေးမှာ ဘော်ဖွတ်အကျဉ်းထောင်ထဲမှာ ရှိနေဆဲဖြစ်ပြီး သူ့ကိုလူမှုကယ်ဆယ်ရေးဌာနကို လွှဲပြောင်းထားဖို့ စီစဉ်ဆောင်ရွက်နေကြောင်း၊ ပြစ်မှုကျုးလွန်သူ ရဲတပ်ကြပ်ကြီးကတော့ အာမခံနဲ့အပြင်ရောက်နေကာ အဲဒါကလည်း သူဟာ ရဲဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် သူ့ရပိုင်ခွင့်အခွင့်အရေးနဲ့သူ အာမခံရနေတာလို့ ဆိုပါတယ်။  ဒီမတိုင်ခင် ကျူးလွန်သူဘက်က ငွေနဲ့ကြေအေးဖို့ လာရောက်ညှိနှိုင်းတာနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့တော့ မသိရကြောင်း၊ လက်လည်း လက်မခံနိုင်ဘူးလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။  မိန်းကလေးရဲ့ ကိုယ်ရေးရာဇဝင်ကိုတော့ လောလောဆယ်ထုတ်ပြောဖို့ အဆင်မသင့်သေးဘူးလို့ ဆိုပါတယ်။  အသက် ၂၁ နှစ်ရွယ်ရှိ အဆိုပါ မြန်မာမိန်းကလေးဟာ ဘောဖွတ်အချုပ်ခန်းထဲရှိနေစဉ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက် မနက် ၂ နာရီလောက်က အချုပ်ခန်းစောင့်ရဲတပ်ကြပ်ကြီး ဝါ့ချလင်းဆင်စမိုးဆွန် ဆိုသူက သူမကိုလက်ထိပ်တန်းလန်းနဲ့ အခြားအခန်းတစ်ခန်းကို ခေါ်ထုတ်သွားပြီး အဓမ္မပြုကျင့်ခဲ့တာပါ။  ဒီကိစ္စကို ခရိုင်ရဲမှူးကိုယ်တိုင် တရားလိုလုပ်ကာ တရားစွဲမှာဖြစ်ပြီး လောလောဆယ် ရဲတပ်ကြပ်ဝါ့ချလင်းကို ဝန်ထမ်းအဖြစ်မှထုတ်ပယ်ထားသလို အလိုမတူဘဲအဓမ္မပြုကျင့်မှု၊ တာဝန်ဝတ္တရားလစ်ဟင်းမှု၊ တာဝန်အလွဲသုံးစားပြုမှု၊ ဝန်ထမ်းကျင့်ဝတ်ဆိုးရွားစွာ ဖောက်ဖျက်မှုတွေနဲ့ အရေးယူခံရဖို့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024