ကိုဗစ်စည်းကမ်းလိုက်နာမှု အားကောင်းလာလျှင် ဖျာပုံရှိ ဈေးများ အချိန်တိုးဖွင့်လှစ်မည်
DVB
·
January 17, 2021
ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းတွေကို လိုက်နာမှု အားကောင်းလာပါက ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတွေကို အချိန်ထပ်တိုးပြီး ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
ဖျာပုံမြို့မှာ စည်ပင်သာယာအဖွဲ့ပိုင်ဈေး ၇ ဈေးနဲ့ ပျံကျဈေး ၅ ဈေးကို ဇန်နဝါရီ ၇ ရက်နေ့က စတင်ပြီး မနက် ၆ နာရီကနေ နေ့လယ် ၂ နာရီအထိ ကိုဗစ်စည်းကမ်းနဲ့အညီ ရောင်းချဖို့ ဖြေလျှော့ပေးလိုက်တယ်လို့ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။
စည်းကမ်းလိုက်နာမှု အားကောင်းလာရင် အားကောင်းလာသလို့ ဈေးတွေကို အချိန်တိုးပြီး ဖွင့်လှစ်ပေးသွားမယ်လို့ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်ဝင်းက ပြောပါတယ်။
ရောဂါကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဈေးတွေမှာ ပြည်သူလူထုတွေ ထိထိရောက်ရောက် သိရှိနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ ဖျာပုံမြို့ ခုတင် ၂၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးက ဆိုပါတယ်။
ဖျာပုံမြို့နယ်မှာ ကိုဗစ်ကာလစတင်ချိန်ကနေ ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ ပေါင်း ၂၂၃ ရှိတဲ့အနက် လက်ရှိ ဆေးကုသမှုခံယူနေသူ ကိုဗစ်လူနာ ၉ ဦးရှိပြီး ကျန်သူတွေက ဆေးရုံက ဆင်းသွားပြီလို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်မာစိုးက ပြောပါတယ်။
ဖျာပုံမြို့နယ်မှာတော့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် mask၊ မျက်နှာကာတွေ အခမဲ့ပေးဝေးပြီး ဈေးသည်တွေ၊ ပြည်သူတွေ၊ နှာခေါင်းစည်း၊ မျက်နှာကာတွေ တပ်ဆင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်စိုးမိုး