မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ငါးမျှားသည့် ထိုင်းနိုင်ငံသား ၂ ဦးကို ပြည်နှင်ဒဏ်ပေး
DVB
·
January 17, 2021
မြန်မာ့ရေပြင်ပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးမျှားခဲ့တဲ့ POLARIS ONE လှေမှ ဖမ်းဆီးရမိသူတွေထဲက ထိုင်းနိုင်ငံသား နှစ်ဦးကို ဇန်နဝါရီ ၁၆ ရက်နေ့က ကော့သောင်းမြို့ မြို့မဆိပ်ကမ်း နယ်စပ်ဂိတ်ကနေ ပြည်နှင်ဒဏ်ပေး စေလွှတ်ခဲ့တယ်လို့ ခရိုင် လ.ဝ.က ဦးစီးရုံးက သိရပါတယ်။
POLARIS ONE လှေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က မြန်မာ့ရေတပ်မတော်စစ်ရေယာဉ် 567 က ဖမ်းဆီးအပ်နှံခဲ့တာပါ။
လှေပေါ်မှာ ပါရှိသူ ၂၄ ယောက်အနက် ထိုင်းနိုင်ငံသား ၁၉ ယောက်နဲ့ တရုတ်နိုင်ငံသား ၁ ယောက်ကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေအရ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ နေ့က ပြည်နှင်ဒဏ်ပေး စေလွှတ်ခဲ့ပါတယ်။
အဓိက တာဝန်ရှိသူ ထိုင်း ၂ ယောက်၊ မြန်မာ ၂ ယောက်ကိုသာ လ.ဝ.က ပုဒ်မ ၁၃(၁) နဲ့ တရားစွဲဆိုခဲ့ကာ ဒဏ်ငွေ ကျပ် ၃ သိန်းစီနဲ့ စီရင်ချက်ချမှတ်ခဲ့တာလို့ ခရိုင် လ.ဝ.က ဦးစီးရုံးတာဝန်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံသား ၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၇(၁) နဲ့ ‘ပြည်နှင်ဒဏ်အမိန့်’ ချမှတ်ခဲ့ပြီး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ပြည်နှင်ဒဏ်ပေးခဲ့ပြီး ကော့သောင်း ခရိုင်နဲ့မြို့နယ် တာဝန်ရှိသူတွေက မြို့မဆိပ်ကမ်းဗောတံတားမှတဆင့် ထိုင်းဘက်ခြမ်း တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး