မကွေးတိုင်းတွင် ရဲဝန်ထမ်း ၁ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅၀ ထပ်တွေ့
DVB
·
January 17, 2021
မကွေးတိုင်းဒေသကြီးအတွင်းမှာ ရဲဝန်ထမ်း ၁ ယောက် အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၅၀ ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ TTC ကွာရန်တင်းစင်တာမှာ အသွားအလာကန့်တ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေရှိခဲ့ပြီး ကိုဗစ်ကာလအတွင်းမှာ တိုင်းဒေသကြီးအတွင်းက ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောပါတယ်။
ပိုးတွေ့လူနာတွေကတော့ ချောက်မြို့နယ်က ၁၀ ယောက်၊ မကွေးမြို့နယ်က ၈ ယောက်၊ အောင်လံမြို့နယ်က ၇ ယောက်၊ ရေနံချောင်မြို့နယ်က ၅ ယောက်၊ မြို့သစ်မြို့နယ်က ၄ ယောက်၊ စလင်းမြို့နယ်က ၄ ယောက်၊ ငဖဲမြို့နယ်က ၃ ယောက်၊ ပခုက္ကူ၊ ဆိပ်ဖြူနဲ့ ဆင်ပေါင်ဝဲမို့နယ်တွေမှာ ၂ ယောက်စီနဲ့ မင်းဘူး၊ တောင်တွင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်တွေမှာ ၁ ယောက်စီ တွေ့ခဲ့တာလို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
ရောဂါကူးစက်ခံရသူတွေကတော့ အသွားလာကန့်သတ်ထားတဲ့ ရန်ကုန်၊ မန္တလေးတို့က ပြန်လာသူတွေဖြစ်ပြီး ရောဂါပိုးရှိသူနဲ့ ထိစပ်ခဲ့သူတွေ၊ ယာဥ်မောင်း/ယာဥ်နောက်လိုက်တွေ၊ စောင့်ကြည့်လူနာတွေနဲ့ အနံ့ပျောက်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၇၆ ယောက်နဲ့ သေဆုံးသူက ၉ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-မင်းထီး