Home
မြန်မာသတင်း
မြန်မာကာချုပ်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ
DVB
·
September 17, 2013
1236585_627951923915933_1129934781_n
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နဲ့ ဘန်ကောက်မြို့က  အစိုးရရုံးမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ယင်းလပ်ရှင်နာဝပ်နဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရုံး ပြောခွင့်ရ မစ္စတာ ထိရတ် ရတ်တနဆေ၀ီက ထိုင်းမီဒီယာတွေကို  ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို သမ္မတဦးသိန်းစိန်က အထူးအလေးထားပြီး စီမံကိန်း အောင်မြင်အောင် အကောင် အထည်ဖော်ရေးအတွက် ထိုင်းအစိုးရနဲ့ ထိုင်းလုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံနယ်ခြားမျဉ်း သတ်မှတ်ရေးဟာ အခုချိန်မှာ ၅၀ ကီလိုမီတာထိသာ ပြီးမြောက်သေးပြီး ဆက်လက်ဆောင်ရွက်လိုကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကိုလည်း  ၂ ဘက်နိုင်ငံ စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ရုံနဲ့ မလုံလောက်ဘဲ  ၂ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနပါ ပူးပေါင်းဆောင်ရွက်စေလိုတယ်လို့လည်း မြန်မာစစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကတော့  နိုင်ငံတကာက လက်ခံလာအောင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ခဲ့တဲ့  မြန်မာအစိုးရကို အသိအမှတ်ပြုချီးကျူးကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် ထိုင်းမြန်မာနယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို မြင်တွေ့လိုပြီး နယ်စပ်ကုန်သွယ်မှု တိုးတက်လာရေး၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးကို မြှင့်တင်ဖို့နဲ့ ဒီအတွက်  နယ်စပ်လုံခြုံရေး ၂ နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ဒီစီမံကိန်းဟာ   အလွန်ကြီးမားတဲ့အတွက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး  စီမံကိန်းအောင်မြင်ရင် ၂ နိုင်ငံ ယုံကြည်မှုကို ပိုမိုခိုင်မြဲအောင် စိုက်ထူနိုင်မည်ဖြစ်ကြောင်း၊ ၂ နိုင်ငံ နယ်နိမိတ် တိကျရေး ဆောင်ရွက်ဖို့၊  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ၂ နိုင်ငံ စစ်တပ်အပြင် ၂ နိုင်ငံပြည်ထဲရေးဌာနကပါ ပူးပေါင်းပါဝင်ရေး မြန်မာဘက်က အဆိုကို ထောက်ခံပါကြောင်း ထိုင်းဝန်ကြီးချုပ်က ပြန်လည်ပြောကြားသွားတယ်လို့ သိရပါတယ်။ မြန်မာကာကွယ်ရေးဦးစီးချုပ်ဟာ စက်တင်ဘာ ၁၆ ရက်နေ့ကတည်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး နှစ်နိုင်ငံစစ်တပ်အကြီးအကဲတွေ ပါဝင်တဲ့ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး ကိုလည်း ပါဝင်တက်ရောက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024