A d v e r t i s e m e n t With Us

အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်

ကမ္ဘာ့အကြီးဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးလှုပ်ရှားမှုတစ်ခုကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဇန်နဝါရီ ၁၆ ရက်မှာ စတင်လိုက်ပါတယ်။ ကမ္ဘာ့ဒုတိယလူဦးရေ အများဆုံးနိုင်ငံအနေနဲ့ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးနဲ့ အစပြုလို့ အိန္ဒိယဟာ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာပါ။  ကိုဗစ်ကာကွယ်ဆေး ပထမဆုံး ထိုးနှံတဲ့နေ့မှာ နိုင်ငံတဝန်းက ကာကွယ်ဆေးထိုးနှံရေး စင်တာပေါင်း ၃,၀၀၆ ခုထဲက တစ်ခုစီမှာ အယောက် ၁၀၀ ဝန်းကျင် ဆန္ဒအလျောက် ကာကွယ်ဆေး ထိုးနှံခံသွားမယ်လို့ အိန္ဒိယအစိုးရက ဒီသီတင်းပတ်ထဲမှာ ပြောထားပါတယ်။  ဇန်နဝါရီ ၁၆ ရက်က  မန်နစ်ရှ်ကူမား ဆိုတဲ့ သန့်ရှင်းရေးဝန်ထမ်းဟာ အိန္ဒိယရဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံခံသူ ဖြစ်လာပါတယ်။   အိန္ဒိယဟာ ကနဦးအနေနဲ့  သူနာပြု၊ ဆရာဝန်နဲ့  ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ တခြားသူ သန်း ၃၀ ကို ဦးစားပေး ကာကွယ်ဆေးထိုးနှံသွားမှာပါ။  အဲဒီနောက်မှာတော့ အသက် ၅၀ အထက်နဲ့ အသက်အန္တရာယ်ရှိသူ သန်းပေါင်း ၂၇၀ ကို ထိုးနှံပေးမှာ ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်မိုဒီဟာ ချက်ချင်း ကာကွယ်ဆေးထိုးနှံခံမှာ မဟုတ်ပါဘူး။   ဒါပေမဲ့ ကာကွယ်ဆေးထိုးသူတွေအနေနဲ့ အက်စ်ထရာဇန်နက်ကာ ထိုးမလား၊ ဒါမှမဟုတ် အစွမ်းထက်မှု မသိရသေးတဲ့ ပြည်တွင်းမှာ ဖော်ထုတ်တဲ့ ဘာရတ်ဘိုင်အိုတက်ခ်က ကာကွယ်ဆေးထိုးမလား ဆိုတာကိုတော့ ရွေးချယ်ခွင့် မရှိပါဘူး။ ကာကွယ်ဆေး နှစ်မျိုးစလုံးကတော့ အိန္ဒိယမှာပဲ ထုတ်လုပ်တာပါ။ ကမ္ဘာမှာ အမေရိကန် ပြီးရင် ကိုဗစ်ကူးစက်မှု အများဆုံးရှိတဲ့ အိန္ဒိဟာ ၂၀၂၁ ရဲ့ ပထမ ၆ လကနေ ၈ လအတွင်း လူဦးရေ သန်း ၃၀၀ ဝန်းကျင်ကို ကာကွယ်ဆေးထိုးဖို့ ရည်မှန်းထားတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up