Homeမြန်မာသတင်း
ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေ အများဆုံးရှိသူများကို ကာကွယ်ဆေးထိုးပေးရန် ကော်မရှင်အကြံပြု
ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေ အများဆုံးရှိသူများကို ကာကွယ်ဆေးထိုးပေးရန် ကော်မရှင်အကြံပြု
DVB
·
January 15, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာမှာ ရောဂါပိုး ပြည်သူအများစုသို့ တစ်ဆင့် ကူးစက်စေနိုင်ဖို့ အလားအလာအရှိဆုံးသူတွေကို ကာကွယ်ဆေးထိုးနှံတာဟာ ပိုပြီး အကျိုးရှိမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဇန်နဝါရီ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် အကြံပြုထားတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ မြန်မာနိုင်ငံအတွက် ဦးစားပေးဆောင်ရွက်မယ့် အစီအမံကို တခြားနိုင်ငံတွေလို ထပ်တူဆောင်ရွက်နိုင်မှာ မဟုတ်ဘဲ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ မတူကွဲပြားပြီး ကိုယ်ပိုင်နည်းလမ်းနဲ့ ထူးခြားမှုရှိတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ အစီအမံကို စီစဉ်ဆောင်ရွက်သင့်တယ်လို့လည်း ကော်မရှင်က တိုက်တွန်းပါတယ်။
လတ်တလော တစ်ချိန်တည်း အားလုံးကို ကာကွယ်ဆေးထိုးပေးဖို့ မဖြစ်နိုင်ဘဲ ကာကွယ်ဆေးရရှိမှု အကန့်အသတ်တွေရှိတာကြောင့် ကာကွယ်ဆေးထိုးဖို့အတွက် ဦးစားပေးအစီအမံတစ်ရပ်ရေးဆွဲဖို့ လိုအပ်ကြောင်း။ စေတနာ့ဝန်ထမ်းတွေအပါအဝင် ရှေ့တန်းမျက်နှာစာမှ ကျန်းမာရေးလုပ်သားတွေကို ပထမဆုံးအုပ်စုအဖြစ် ကာကွယ် ဆေးထိုးနှံပေးသင့်တာကို လူတိုင်းက သဘောတူကြတယ်လို့ဆိုပါတယ်။
ကနဦး ကာကွယ်ဆေးထိုးနှံဖို့ ရွေးချယ်ခံရဖို့ အလားအလာ ရှိသူတွေကတော့ စီမံခန့်ခွဲရေးက အရေးကြီးပုဂ္ဂိုလ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေလို့ ထိခိုက်လွယ်သူတွေလို့ မယူဆနိုင်ပေမယ့် ထိုသူတွေရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကတစ်ဆင့် လူဦးရေအများအပြားနဲ့ ကြိမ်ဖန်များစွာ ထိတွေ့ဆက်ဆံနေသူတွေ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
အဲဒီသူတွေက ကျောင်းဆရာ/ဆရာမတွေ၊ သယ်ယူပို့ဆောင်ရေးအလုပ်သမားတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ကုန်စည်ရောင်းချသူတွေ၊ အစားအသောက်၊ အဖျော်ယမကာနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်သူတွေ၊ ခေါင်းရွက်ဗျပ်ထိုး စျေးသည်တွေနဲ့ စားသောက်ကုန်ရောင်းချသူများ ဖြစ်ကြပြီး အဲဒီစာရင်းမှာ ပြည့်စုံလုံလောက်သော စာရင်းတော့မဟုတ်ဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ကူးစက်ရောဂါရဲ့ အောက်မှာ ကိုဗစ်ကပ်ရောဂါ ကုသမှုခံယူရရှိရေးနဲ့ ပညာသင်ယူမှုတို့အတွက် အခက်အခဲ အတားအဆီးတွေ ဖြစ်ပေါ်ခဲ့သလို ခွဲခြားဆက်ဆံမှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ အလုပ်သမားတွေကို အလွယ်တကူ အလုပ်က ထုတ်ပယ်မှုတွေ၊ လွတ်လပ်စွာ သွားလာမှုနဲ့ ထုတ်ဖော်ပြောကြားမှုတို့ကို အလွန်အမင်း ကန့်သတ်တားမြစ်တာတွေနဲ့ သတင်းအချက်အလက်ရပိုင်ခွင့်ကို တားဆီးတာ၊ ပြည်တွင်း ရွှေ့ပြောင်းမှုတွေ အတင်းအကျပ် ပြောင်းရွှေ့စေမှုတွေလို လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ မြင့်တက်လာတာနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း ကမ္ဘာမှာ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါအခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ရှိသူတွေက ပြုပြင်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေတယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေအများစုအတွက် လုံလောက်တဲ့ ကာကွယ်ဆေးအရေအတွက်ကို အိန္ဒိယနိုင်ငံကနေ ရရှိမှာဖြစ်ပြီး ထပ်မံလိုအပ်တဲ့ အရေအတွက်ကို ဖြည့်တင်းဖို့ မိတ်ဖက်နိုင်ငံတွေဆီက ကာကွယ်ဆေးထပ်မံရရှိနိုင်ရေး ဆောင်ရွက်နေတယ်လို့ လူ့အခွင့်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အများပြည်သူတွေကို စတင်ထိုးနှံပေးနိုင်ခြင်းမရှိသေးဘဲ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကနေ ကာကွယ်ဆေးဝယ်ယူဖို့ အစိုးရက ကြိုးပမ်းဆောင်ရွက်နေပါတယ်။
Photo-MHRC