Home
ဆောင်းပါး
စာပေလောက အကျော်ဇေယျ စာဆိုကြီး သိန်းဖေမြင့် 
DVB
·
January 14, 2021
“သိန်းဖေမြင့် လွန် ၄၃”  သပိတ်မှောက် ကျောင်းသား ကျောင်းသား လူငယ် ပြဿနာများ နွံထဲက ကြာ၊  သိန်းဖေမြင့်၏ နိုင်ငံရေး လှုပ်ရှားမှုများ ကျွန်တော်၏ အချစ်ဦး၊ တက်ခေတ်နတ်ဆိုး စာပေမျိုးစု၊ ဝတ္ထုများပြား ရေးသားခဲ့ပေ၊ သိန်းဖေမြင့် ခေါ် စာဆိုကျော်ကြီး၊ ကွယ်လွန်ပြီးခဲ့ လေးဆယ့်သုံးနှစ် ရှိလာပါပြီ ။ ။ “ ဆရာသိန်းဖေမြင့်သည် မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သလို၊ စာပေလောက၊ သတင်းစာလောကတို့တွင်လည်း အကျော်ဇေယျ ပုဂ္ဂိုလ်တဦး။” သန်းဝင်းလှိုင် သမိုင်းတကွေ့မှသိန်းဖေမြင့် ဆောင်းပါးမှ . . . သိန်းဖေမြင့်ဟာ ကျောင်းသားလှုပ်ရှားမှု၊ လွတ်လပ်ရေးတိုက်ပွဲ၊ ဖက်ဆစ်တော်လှန်ရေး ဘဝအတွေ့အကြုံအပြင် အညာကျေးလက် မိသားစုဘဝ၊  ဓလေ့ထုံးစံတွေအဆုံး၊ ခရီးသွားစာပေ၊ အတ္ထုပ္ပတ္ထိစာပေ၊ နိုင်ငံရေး၊ ဝါဒရေး၊ ပညာရေးနဲ့ တက္ကသိုလ် ပညာရပ်ဆိုင်ရာအထိ သိပ္ပံ ဝိဇ္ဇာ စာမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင် ရသမြောက်အောင် ရေးသားခဲ့တဲ့ သမိုင်းဝင်စာရေးဆရာကြီး ဖြစ် တယ်။  ဆရာကြီး သိန်းဖေမြင့်သာ ရှိနေသေးလျှင် ဒီနှစ်မှာ ၁ဝ၇ နှစ် ပြည့် ဖြစ်ပါတယ်။ သူဟာ သတင်းစာဆရာကြီး၊ နိုင်ငံရေး တော်လှန်ရေး ခေါင်းဆောင်ကြီးတဦးဖြစ်ပေမဲ့ အခုတော့ သူ့ရဲ့ စာရေးဆရာဘဝ ရပ်တည်ခဲ့တာတွေကိုသာ မီးမောင်းထိုးပြပါ့မယ်။ ဒါပေမဲ့ ကျွဲကူးရေပါတော့ ရှိပါလိမ့်မယ်။ စာရေးဆရာကြီး သိန်းဖေမြင့်ဟာ တက်ဘုန်းကြီး၊ တက်ခေတ်နတ်ဆိုး၊ သပိတ် မှောက်ကျောင်းသား၊ သခင်ကိုယ်တော်မှိုင်း၊ အရှေ့က နေဝန်းထွက် သည့်ပမာ၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ၊ What Happened In Burma (မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ) စတဲ့ စာအုပ် အများအပြား ရေးခဲ့ပါတယ်။ စာပေ ဆိုင်ရာ သင်တန်းတွေလည်း ပေးခဲ့ပါတယ်။ သူဟာ အသက် ၆၈ နှစ်အရွယ် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ကွယ်လွန်သွားတာပါ။ အခုဆို သိန်းဖေမြင့် ကွယ်လွန်ခဲ့တာ ၄၃ နှစ်ရှိပြီ။  “မြန်မာ့ယဉ်ကျေးမှုဘဝမှာ ပဋိသန္ဓေမယူဘဲနှင့် မြန်မာ စာရေးဆရာတယောက် မွေးဖွားမလာနိုင်ပေ။                                                                                     မြန်မာစာပေအမွေအနှစ်များကို မခံစားရဘဲနှင့် မြန်မာစာရေးဆရာ ကောင်းတယောက် ကြီးထွား မလာနိုင်ပေ။  သိန်းဖေမြင့် “တက်ခေတ် တက်လူ တက်ဖုန်းကြီး သိန်းဖေ စာပေဘဝ ဇာတ်လမ်းစုံ (၂)” စာအုပ်မှ “စာရေးဆရာကြီး (ဦး) သိန်းဖေမြင့် ကိုယ်ရေးအကျဉ်း” အဖ မြေတိုင်း စာရေးဦးဘ၊ အမိဒေါ်မြင့်တို့က ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် သောကြာနေ့ မုံရွာခရိုင်၊ ဘုတလင်မြို့မှာ မွေးဖွားခဲ့တယ်။ နာမည်ရင်း သိန်းဖေဖြစ်ပြီး၊ ငယ်နာမည်က မြမောင်။ ကလောင်အမည်ခွဲတွေက သိန်းဖေ၊ ဝနေငဖေ(ဘုတလင်)၊ သိန်းနေနွယ်၊ တက္ကသိုလ် အကျော့၊ တစ်ကောင်ကြွက်၊ ဦးကျောက်လုံး၊ တက်ဘုန်းကြီးသိန်းဖေ၊ မောင်တူတို့ဖြစ်တယ်။ ၁၉၅၈ ခုနှစ်မှာ “အရှေ့ကနေဝန်းထွက်သည့်ပမာ”ဝတ္ထုနဲ့ စာပေဗိမာန် ဝတ္ထုဆုကိုရခဲ့တယ်။ ၁၉၆၇ ခုနှစ် အမျိုးသားစာပေ စာပဒေသာဆုကို “ဝိသေတိုင်း သမိုင်းအစ” နဲ့ ရသလို ၁၉၆၈ ခုနှစ် အမျိုးသားစာပေဝတ္ထုရှည် တတိယဆုကို “သီတာပြုံး” စာအုပ်တို့နဲ့ ရရှိတယ်။ ထင်ရှားတဲ့ စာပေ ဝေဖန်ရေးဆရာတစ်ဦး ဖြစ်သလို စာပေသြဇာကြီးမားသူလည်းဖြစ်တယ်။ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့ ကွယ်လွန်ခဲ့တယ်။ အခု ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ မှာ သူ မရှိတော့ ၄၃ နှစ် ကြာပြီ။ “မောင်သိန်းဖေ၏ ဝတ္ထုတိုများ၌ သူမွေးရာ အညာ ဘုတလင်မြို့နှင့် ပတ်ဝန်းကျင် အရပ်များမှ လူတစု၏ အတ္ထုပ္ပတ္ထိများကို တွေ့ရလေသည်။ မောင်သိန်းဖေ၏ ဝတ္ထုတိုများကို အကဲဖြတ်ရာ၌ အခြားအချက်များကို အကဲဖြတ်ဆရာတို့ သဘောကွဲလွဲလျှင် ကွဲလွဲပေမည်။ သို့ရာတွင် မောင်သိန်းဖေ၏ ဝတ္ထုတိုများ၌ (အညာအက်တမော့စဖီးယား) ခေါ် “အညာလေ” ပါခြင်းကိုကား မည်သည့် အကဲဖြတ်ဆရာမှ သဘောကွဲလွဲမည် မဟုတ်ပေ။ ဤအချက်သည် မောင်သိန်းဖေ၏ ဝတ္ထုတိုများ၏ ထူးခြား သတ္တိတည်း။ “ (ဦးနု) စာရေးဆရာ၊ ဝန်ကြီးချုပ် သိန်းဖေမြင့်ဟာ ဝတ္ထုတိုတွေ ရေးသားခဲ့ပြီး တချို့ဟာ သူ့မွေးရပ် ဘုတလင်နယ် အကြောင်း၊ အဲ့သည် အညာဒေသ နေထိုင်သူတွေ အကြောင်းတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ၆၀ ပြည့်မွေးနေ့ သူ့မြို့ပြန်ရောက်စ မြင်ကွင်း ပုံဖော်ရေးထားတာကို ကြည့်ကြပါဦး။ “ဘုတလင်မြို့ကလည်း ပြန်လာသည့်သားကို လှိုက်လှဲစွာ ဆီးကြိုခဲ့ပေ၏။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရေကူး သင် ရေကူးတတ်၊ ရေကူးလေ့ရှိသော ကန်မကြီးကား ရေအပြည့်နှင့်ပြုံးလျှက် ကျွန်တော့်ကို ကြိုဆို၏။ ကျွန်တော်တို့ ငယ်ငယ်က ရှိခိုးပူဇော်ခဲ့သော ရန်အောင်မြင်ဘုရားကြီးကား ဆည်းလည်းသံသာသာဖြင့် ဓမ္မတေးသီကျူးကာ ကြိုဆို၏။ မိုးဦးကကောင်းခဲ့ပြီး ကန်မကြီးကလည်း ရေအပြည့်ရှိပြန်သဖြင့် ကန်မကြီးကို ပတ်လည် ဝိုင်းနေသည့်အလား တည်ရှိသော ဘုတလင်မြို့ကလေးသည် သစ်ပင်ပန်းပင်တို့ဖြင့် စိမ်းလန်းစိုပြေနေလေသည်။ လေတဟူးဟူး တိုက်ခတ်နေသဖြင့် လှုပ်ယမ်းနေသော သစ်ကိုင်းသစ်ခက်တို့သည် ကျွန်တော့်ကို လက်ယပ်၍ ခေါ်နေကြပေသည်။ “ “တက်ခေတ် တက်လူ တက်ဖုန်းကြီး သိန်းဖေ စာပေဘဝ ဇာတ်လမ်းစုံ (၂)” စာအုပ်မှ သိန်းဖေမြင့် ရေးခဲ့တဲ့ စာအုပ်တွေ “…….ဤဝတ္တုကို “သာသနာပြု ဝတ္တု”ဟု ကျွန်ုပ် ခေါ်ဆိုလေသည်။ ဤဝတ္တုကို ဖတ်ပြီးသောအခါ ကျွန်ုပ်သည် ရဟန်းကောင်း၊ ရဟန်းမြတ်တို့ကို ပို၍သဒ္ဓါလာသည်။ ရဟန်းညစ်တို့ ကွယ်ပကြပါစေ။ ရဟန်းကောင်းများသာ ကျန်ရှိကြပါစေဟုလည်း သာသနာအတွက် စိုးရိမ်သဖြင့် ဆုတောင်းပါသည်။ (စာရေးဆရာ၊ ကဗျာဆရာကြီး ဇော်ဂျီ) သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး စာအုပ်အမြင် “…..မြန်မာပြည်တွင်လည်း ဒုဿီလရဟန်းတို့၏ ပယောဂကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ မကြည်ညို သဒ္ဓါတရား နည်းပါးသော စိတ်တို့သည် လဇ္ဇီပေသလ၊ သိက္ခာကာမ၊သီလဝန္တ ဖြစ်ကြကုန်သောသံဃာတော်တို့ထံ ကူး စက် ပြန့်ပွားမည့်ဘေးကြီးကို စိုးရိမ် ပူပန်မိပါသောကြောင့်…. (မောင်နု) သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး စာအုပ်အမြင် “……လောကတွင်အကောင်းအဆိုး ဒွန်တွဲ နေလေ့ရှိပါသည်။ လူကောင်းရှိသလို လူဆိုးရှိသည်။ အလဇ္ဇီ ဒုဿီလ ဘုန်းကြီးများရှိသလို လဇ္ဇီပေသလ၊ သိက္ခာကာမ ဝိနည်းတော်နှင့်အညီ သီတင်းသုံးနေထိုင်ကြသော ဘုန်းတော်ကြီး များလည်းရှိသည်။    (သိန်းဖေမြင့်)        တက်ဘုန်းကြီး စာအုပ်အမြင် သိန်းဖေမြင့်ဟာ ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ ကတည်းက နိုင်ငံရေးလှုပ်ရှားနေသလို စာစတင်ရေးသား ခဲ့တာပါ။ ၁၉၃၇ မှာ “တက်ဘုန်းကြီး” ဝတ္ထုကိုရေးတယ်။ တချို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ လူမှုရေးဖောက်ပြန်နေတာ၊ အဂ တိလိုက်စားနေတာတွေ ရှက်စရာကောင်းပုံကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတဲ့ စာအုပ်ပေါ့။  တို့ဗမာ အစည်းအရုံးဝင် ဦးနု (သခင်နု)က စာအုပ်မှာ အမှာစာရေးသားခဲ့တယ်။  စာအုပ်ကြောင့် ဗမာပြည်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ရဟန်းပျိုတွေရဲ့ ရှုတ်ချ ခံခဲ့ရတယ်။ စာရေးဆရာနဲ့ ထုတ်ဝေတဲ့ စာအုပ်တိုက် ခြိမ်းခြောက် ခံခဲ့ရတယ်။ ဒါပေမဲ့ ဆရာဇော်ဂျီ၊ ဦးနု စတဲ့ ပညာတတ် တိုးတက်သူတွေနဲ့ သာသနာသန့်ရှင်းစေလိုတော်မူတဲ့ သံဃာတော်တွေက အားပေးလက်ခံခဲ့တယ်။ တက်ဘုန်းကြီးစာအုပ်ကြောင့် သူဟာ တက်ဘုန်းကြီးသိန်းဖေလို့ လူသိများလာခဲ့တယ်။ ထင်ရှားတဲ့ စာပေလက်ရာတွေကတော့ တက်ဘုန်းကြီး (၁၉၃၇)၊ တက်ခေတ်နတ်ဆိုး၊ သပိတ်မှောက်ကျောင်းသား၊ သခင်ကိုယ်တော်မှိုင်း( ဆရာလွန်း၏ အတ္ထုပ္ပတ္တိ )၊ အရှေ့ကနေဝန်းထွက် သည့်ပမာ၊ What Happened in Burma (မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ)နဲ့ Over the Ashes (ပြာပုံပေါ် တွင်) အပါအဝင် စာအုပ်တွေကို မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တယ်။ ကျောင်းသားလူငယ်ပြဿနာများ၊ နွံထဲက ကြာ၊ သိန်းဖေမြင့်၏နိုင်ငံရေးလှုပ်ရှားမှုများ၊ ကျွန်တော်၏အချစ်ဦး၊ သီတာပြုံး၊ သမ္မတပုဆိုးဖိုးနှင့် ကောက်သင်းကောက်စာများ၊ ကျော်ငြိမ်း၊ ဒီမိုကရေစီသစ် မော်စီတုန်း၏သင်ကြားချက်များ၊ ချစ်၍ခေါ်ရာ၊ ကျွန်တော်ကြုံဖူး သောကမ္ဘာ၊ မော်စီတုန်း တရုပ်နှင့် မြန်မာ့အချုပ်အခြာအာဏာ၊ ပြန်လမ်းမရှိသောဦးနု၊ စစ်အတွင်းခရီးသည်၊ ငွေစိန် လှေလှော်ရင်းတက်ကျိုးခြင်း၊ အရှေ့မြောက်တိုင်းတခွင်၊ ကုလား- ဗမာတိုက်ပွဲ၊ ၁၉၃၀ တဝိုက် မြန်မာပြည်နိုင်ငံရေးသမိုင်း၊ ဝိသေသတိုင်း သမိုင်းအစ၊ ကျောင်းသားနှင့် ငြိမ်းချမ်းရေး သတင်းစာနှင့်လွတ်လပ်ခွင့်၊ သူတို့လင်မယား ၃၄ နှစ်၊ သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ် ပွင့်ပွင့်လင်းလင်း သတင်းစာဖြတ်ပိုင်းများ၊ အဏ္ဏဝါခရီးသည်နှင့် ပုလဲဒေဝီ၊ ကျွန်တော်တို့ မွန်မြန်မာ၊ ဇာတ်ဆရာ ဦးဖိုးစိန်၊ တခုသော ငွေရတုသဘင်၊ ဝိုးတဝါးပါရီနှင့် ငြိမ်းချမ်းရေးခရီးသည်၊ ပြည်သူကြားမှာ အမှန်ရှာ၊ ကျွန်တော့် ဝတ္ထုများထဲက ကျွန်တော့်ဇာတ်ဆောင်များ၊ အညာပြန်၊ ချစ်ကြည်ရေးခရီးသည်၊ တောတောင်ရေမြေ ဘိုးဘွားအမွေ၊ စာပေဆွေးနွေးပွဲ၊ တက္ကသိုလ်မိတ်ဆက်၊ လက်ငင်းတို့တာဝန်၊ ဟစ်တလာနှင့် ချိန်ဘာလိန် ဘယ်သူမှားသလဲ၊ မန္တလေးမှ မော်စကိုသို့နှင့် ကွန်မြူနစ်စည်းရုံးရေး၊ သိန်းဖေမြင့်ဝတ္ထုတိုပေါင်းချုပ်၊ လမ်းစပေါ်ပြီ၊ တက်ခေတ် တက်လူ တက်ဘုန်းကြီးသိန်းဖေ စာပေဘဝဇာတ်လမ်းစုံ ၂၊ စာပေဘဝဇာတ်လမ်းစုံ ၃၊ မြစ်ဖြားဧရာ ရောင်စုံဖြာ၊ ဗမာပြည်ကွန်မြူနစ်လှုပ်ရှားမှု သုံးသပ်ချက် (သိန်းဖေမြင့်ရေး Critique of Communist Movement of Burma) ကို ပေါ်ထွန်းဝင်း မြန်မာပြန်)၊ တိုက်ပွဲဝင်စာများ၊ ၆၀ ကျော်မှ ရေးသောဝတ္ထုများစာအုပ်တွေ လည်း သူရေးခဲ့တာပါ။ စုစုပေါင်း လုံးချင်း ၅ဝ ခန့် ဖြစ်ပါတယ်။   “ဆရာသိန်းဖေမြင့်နဲ့ ဆရာသော်တာဆွေတို့ရဲ့ ပစ္စည်းမဲ့တော်လှန်ရေးဝတ္ထုတိုတွေကို နိုင်းယှဉ်ဖတ်ပါက ဆရာသိန်းဖေမြင့်ရဲ့စာအုပ်တွေဖတ်တဲ့အခါ စာရေးကောင်းပုံမှာ နစ်မျောမိသွားပြီး ဆရာသော်တာဆွေရဲ့စာအုပ်တွေ ဖတ်တဲ့အခါ ဝတ္ထုရဲ့အဆိုတွေမှာ နစ်မျောသွားမိသည်။ သိန်းဖေမြင့်ဟာ ပစ္စည်းမဲ့တွေရဲ့ဘက်တော်သား ရှေ့နေကောင်းကြီးနဲ့တူပြီး သော်တာဆွေက သက်သေကောင်းကြီးနဲ့တူသည်။ အောင်သင်း ပွဲဦးထွက်စာပေဆောင်းပါးများစာအုပ် လေထီးဦးအုန်းမောင်ရဲ့ နှစ်ပေါင်းငါးဆယ် ကြာသောအခါ စာအုပ်ထဲမှာ ဆရာသိန်းဖေမြင့်ရဲ့ ‘စာရေးနည်း’ ဆိုတဲ့ စာစုလေး ကို ရေးထားတယ်။ ‘သိန်းဖေမြင့်ရဲ့ စာရေးနည်းဟောပြောချက်’ ကို လေထီးဗိုလ်အုန်းမောင် လက်ရေးတို မှတ်ထားတာပါ။  ၁။ စာရေးတာ ရှင်းရမည် ငါရေးတဲ့စာ လူအများ နားလည်ရမည်ဆိုသော ရည်ရွယ်ချက်ထားရမည်။ လူထုနားလည်အောင် ရေးရမည်။ မြတ်စွာဘုရားသည်ပင် လူထုနားလည်သော စကားနှင့် တရားဟောခဲ့သည်။ ဘုရားလက်ထက်က သက္ကတဘာသာ (Sanscrit) မင်းပုဏ္ဏား၊ သူဌေး၊ ပန်ဒစ် (Pandit) စသော အထက်တန်းစားများ သုံးသည့် ဘာသာစကားဖြစ်၍ သာမန် ရိုးရိုးလူတန်းစားက ပရာကရစ် ပါဠိ ဘာသာ စကားကို သုံးသည်။ မြတ်စွာဘုရားသည် လူထုနားလည်အောင် လူထုနားလည်သော ဘာသာကို သုံးသည်။ ၂။ အကြောင်းအရာနှင့် စကား စာရေးသည့်အခါ အကြောင်းအရာအတွက် စကားလုံးရှာရမည်။ စကားလုံးအတွက် အကြောင်းအရာ မရှာရ။ (Word for content, not content for words) ဥပမာ- ရှိပြီးသား မိန်းမတစ်ယောက်အပေါ်မှာ အကြောင်းပြု၍ အဝတ် တန်ဆာ ရှာပြီး ဆင်ပေးရမည်။ ဒါမှ မိန်းမနှင့်တော်သည့် အဝတ်အစား အဆင်အသွေးကို ရှာနိုင်မည်။ အဝတ်အစား ရှာပြီးမှ မိန်းမရှာလျှင် မိန်းမနှင့် အဝတ်အစား မလိုက်တာကို တွေ့ရမည်။ စာရေးရာမှာလည်း ရေးမည့်အကြောင်းအရာကို စီစဉ်ပြီးမှ စကားလုံး ရှာရမည်။ ကိုယ်တော်မှန်း၊ တတ်မှန်း၊ ဗဟုသုတရှိမှန်း လူတွေသိစေချင်သည့်သဘောဖြင့် မဆိုင်ဘဲနှင့် စာထဲမှာ ထည့် မရေးရ။ တောအကြောင်းရေး နေရာက တောင်ကြီးကို ထည့်မရေးရ။ ၃။ အစီအစဉ် ရှိရမည် စာရေးမည်ဟု ကလောင်တံကိုင်ပြီး စဉ်းစားလိုက်သည့်အခါ ဖြစ်ကတတ်ဆန်း အစီအစဉ်မရှိ ပေါ်လာတတ်သည်။ ထန်းပင် အကြောင်း စဉ်းစားလိုက်သည့်အခါ ထန်းပင်နှင့် ပတ်သက်သော ထန်းရည်သောက်တာ၊ ထန်းရေသောက်ပြီး မူးနေသောသူ၊ အိမ်တစ်အိမ်တွင် ထန်းပလပ်ကို ကုလားထိုင် လုပ်ကိုင်တာ စသဖြင့် အစီအစဉ်မရှိ ပေါ်လာတတ်သည်။ ပထမ ကိုယ့်စိတ်ထဲတွင် ပေါ်လာသမျှခေါင်းစဉ်(မာတိကာ) အတိုကလေးတွေနှင့် အကုန်ရေးထား၊ မှတ်ပြီး ပိုနေတာတွေ၊ မလိုတာတွေ၊ မသက် ဆိုင်တာတွေ ဖြုတ်ပစ်၊ ကျန်ရစ်ခဲ့တာတွေကို နံပတ်စဉ်ပြီး အစဉ်လိုက် ပြန်ရေး။ အစီအစဉ်ရှိရမည်။ ဟိုရောက်သည်ရောက် မရောက်ရ။ ဥပမာ-ခေါင်းမှ ခြေထောက်အထိ အစဉ်လိုက် တစ်ခုစီရေး၊ ခေါင်းမှ ခြေ၊ ခြေပြီး ဗိုက်၊ လက် စသည်တို့ဖြင့် က မောက်ကမ မရေးရ။ ၄။ ထူးသောအကြောင်းကလေးများကို ရေးတတ်ရမည် ရေးနေကျ၊ ဖြစ်နေကျ အကြောင်းကလေးများကို ပျင်းရိငြီးငွေ့ဖွယ်ကောင်းအောင် မရေးရ။ ထူးပြီး ခပ်ဆန်းဆန်းရေးရမည်။ ဖြစ်ကတတ်ဆန်း ပေါ့ပေါ့ဆဆ မရေးရ။ သူများသိသည့်အကြောင်းပင် ဖြစ်လင့်ကစား ကိုယ်ကထူးပြီး ရေးတတ်ရမည်။ ဥပမာ- ကျီးအကြောင်းရေးသည့်အခါ ကျီးသည် မည်းသည်၊ ကျီးအာသည် စသဖြင့် ရိုးရိုးကြီး မရေးရ။ ကျီးသည် သန့်ပြန့်သည်။ လူများလို ရေမချိုး မျက်နှာ မသစ်နိုင်သော်လည်း မျက်ချေးများကို လက်နှင့် ကုတ်ပြီး မျက်နှာသစ်ပုံကို ဖတ်ချင်စဖွယ် ဖြစ် အောင် ရေးနိုင်ရမည်။ ၅။ ဥပမာပေးခြင်း ကိုယ်ပေးတဲ့ ဥပမာက အကြောင်းအရာကို အထောက်အပံ့ ဖြစ်စေရမည်။ သနားစရာနေရာမှာ ပို၍သနားအောင်၊ မုန်းစရာ နေရာမှာ ပို၍မုန်းအောင် ဥပမာပေးရမည်။ ဆီလျော်အောင် ဥပမာပေးရမည်။ နားလည်ပြီးသား ရှင်းပြီးသားကို ဥပမာ မပေးရ။ ဝမ်းနည်းစရာကို ပို၍ ဝမ်းနည်းသွားအောင် ဥပမာ ပေးတတ်ရမည်။ ဝမ်းနည်းစရာကို ရယ်စရာဖြစ်သွားအောင် ဥပမာ မပေးရ။ ဥပမာ- ချစ်သူနှစ်ဦး ခွဲခွာခါနီးတွင် ဟင်္သာမောင်နှံ ခွဲခါနီးကဲ့သို့ သနားသွားအောင် ဥပမာပေးရမည်။ မျောက်နှစ်ကောင် ခွဲခွာခါနီး ကဲ့သို့သော ရယ်စရာ ဥပမာမျိုး သွားမပေးရ။ မပေါ်လွင်သော ဥပမာ မပေးရ။ သင်္ဘောစီးရတာ စွတ်ဖားကြီး စီးရသလိုဘဲဆိုလျှင် စွတ်ဖား မမြင်ဖူး၊ မစီးဖူးသူတို့အတွက် ထိုဥပမာသည် ပေါ်လွင်မှု မရှိချေ။                                                         ရာမနှင့် သီတာ ဥပမာပေးကြပုံ။ ။ သီတာက လသာတာကို ချီးမွမ်းရာ ရာမက မိုးပေါ်ကလထက် ရေထဲမှာ ပေါ်နေတဲ့လက ပိုလှဟုပြော။ သီတာက ရေထဲက လထက် မောင်ဘုရား မျက်လုံးထဲမှာ ပေါ်နေတဲ့လက ပိုလှတယ်ဟုပြောပုံ။ ရေချိုးကြသည့် အခါ သီတာက ရာမကို လိုက်ဖမ်းရန်ပြောရာ ရာမက ကြာထဲက ကြာကိုရှာလို့ ဘယ်ရပါ့မလဲဟု ပြောပုံ၊ ဤနေရာ၌ ငါးခုံးမကို ဖမ်းလို့ ဘယ်ရနိုင်မလဲဟု ဥပမာပေးလိုက်လျှင် အရုပ်ဆိုးသွားမည်။ ၆။ စကား ရွေးတတ်ရမည် စကားရွေးတဲ့အခါ အကြောင်းနှင့် ဆီလျှော်ရမည်။ ကောင်းကင်ညိုသည်ဟု ရေးသည်ထက် ညိုမှောင်နေသည်။ ညို့မှိုင်းနေ သည်ဟုရေးက ပို၍ကောင်းသည်။ ကောင်းသောမျက်နှာဟု ပြောသည်ထက် လှပသောမျက်နှာဟု ရေးက ပိုကောင်း၏။ ၇။ ဝါကျ တို-ရှည် သူ့နေရာနှင့်သူ ဝါကျအတိုအရှည် ရေးတတ်ရမည်။ တိုသင့်သည့်နေရာတွင် တို၍ ရှည်သင့်သည့်နေရာတွင် ရှည်ရမည်။ ဦးဖိုးကျား၊ သိပ္ပံမောင်ဝတို့သည် ဝါကျတိုသမားများဖြစ်သည်။ ဒိုင်ယာရီရေးလျှင် တိုတိုတုတ်တုတ်ရေးက ပို၍ကောင်းသည်။ ဥပမာ- ရုပ်ရှင်ကဲ့သို့ ထိုးခန်းကြိတ်ခန်းရိုက်လျှင် မြန်မြန်ရိုက်မှ ကြမ်းသည့်အမှုအရာပေါ်မည်။ လွမ်းခန်းဆွေး ခန်းများတွင်မှု မြန်မြန်မရိုက်ရ။ ခပ်ဖြည်းဖြည်း မျက်နှာကလေးကို ဆွဲရိုက်ခြင်း၊ လမ်းလျှောက်ပုံကလေးကို ဆွဲရိုက်ခြင်း၊ မျက်ရည်စက် ကလေးများ တဖြည်းဖြည်းကျခြင်း၊ ရုပ်ရှင်တွင်မျက်ရည်ကျသည်ကို ရိုက်သည့်အခါ ခပ်မြန်မြန်ကျသည်ကို မရိုက်။ တစ်လုံးချင်း တဖြည်းဖြည်း ကျသည်ကို ရိုက်သည်။ ဤဥပမာကဲ့သို့ပင် နေရာနှင့်လိုက်၍ တိုရရှည်ရမည်။  သိန်းဖေမြင့်သည်  နုစဉ်ကာလက  နယ်ချဲ့လက် အောက်၌ရှိသော အဆီအငေါ်                                             မတည့်သည့် မြန်မာလူမှုရေးကို ပြုပြင်ပြောင်းလဲစေရန် စိတ်အားထက်သန်သူဖြစ်သည်။                    ရင့်ကျက်သောအရွယ်၌ ထိုပြုပြင်ပြောင်းလဲစေလိုသော အာသီသတို့သည် နိုင်ငံရေး                                            ကြိုးပမ်းမှု လောကထဲသို့ရောက်သွားလေသည်။    (မောင်ထင်) “သိန်းဖေမြင့်နဲ့ အင်္ဂလိပ် စာရေးဆရာကြီး ဂျော့အော်ဝယ်” ၁၉၈၂ ခုနှစ်၊ ဧပြီလထုတ်၊ စန္ဒာရုပ်စုံမဂ္ဂဇင်းမှာ ဆရာကြီး ”တိုက်စိုး” ရေးတဲ့ ဂျော့အော်ဝယ်နှင့် သိန်းဖေမြင့် ဆောင်းပါးကို ကောက်နုတ်ဖော်ပြပါမယ်။  “ဂျော့အော်ဝယ်လက်သို့ စာတစ်အုပ် ရောက်လာသည်။ သိန်းဖေမြင့်ရေး What Happened in Burma (မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ) စာအုပ်ပေတည်း။ သိန်းဖေမြင့်သည် ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် အထက်မြန်မာပြည်ဆိုင်ရာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်အဖြစ် တာဝန်ကျ၏။ ဖက်ဆစ်ဆန့်ကျင်ရေး စာတမ်း ရေးသားဖြန့်ချိ၏။ ဂျပန် မကြာမီ ဝင်လာတော့သည် (၁၉၄၂ ခုနှစ်)။ ထိုအခါ နိုင်ငံရေး ရဲဘော်ရဲဘက်များ၏ အစီအမံဖြင့် ရဲဘော်တဦး နှင့်အတူ အိန္ဒိယသို့ အရောက်သွားလေသည်။ မဟာမိတ်များနှင့် ဆက်သွယ်ရန် ကြိုးပမ်းလေသည်။ သို့ရာတွင် အင်္ဂလိပ်အစိုးရက မယုံ။ သူနှင့် သူ့အဖော်ကို အကျယ်ချုပ်ထားလေသည်။ အကျယ်ချုပ်ခံနေရစဉ်အတွင်း တိုင်းတစ်ပါးသားများ သိလေအောင် မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသည်။  ထိုစာအုပ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံပြီးသည့်နောက် မြန်မာမျိုးချစ်များသည် မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နှင့် ဆက်သွယ်ခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လူစု ဂျပန်သွား၍ စစ်ပညာသင် ဘီအိုင်အေ တပ်ဖွဲ့ပြီး ဂျပန်နှင့်အတူ စစ်တိုက်ခဲ့ပုံ၊ မြန်မာပြည်တွင်းသို့ ဂျပန်စစ်တပ်ဝင်လာသောအခါ လွတ်လပ်ရေးကိစ္စ ဂရုမပြုပုံ၊ ဂျပန်ဖက်ဆစ်တို့ မြန်မာ တို့ကို နှိပ်စက်ပုံ၊ တိုင်းပြည်ကို သွေးစုပ်ပုံ၊ အမျိုးသမီးများကို မတရားကျင့်ပုံ၊ ဘီအိုင်အေတပ်နှင့် ဂျပန်များ ပဋိပက္ခ ဖြစ်လာပုံ၊ ဂျပန်ကို မြန်မာအများ မုန်းတီးလာပုံ စသည့် အကြောင်းခြင်းရာများ ပါလေသည်။ ထိုစာအုပ်ကို အိန္ဒိယ အသံလွှင့်ဦးစီးဌာန၌ အလုပ်လုပ်နေသော ရန်ကုန်တက္ကသိုလ် ပိဋကတ်တိုက်မှူးဟောင်း ဦးခင်ဇော်က တည်းဖြတ်၍ အိန္ဒိယသို့ ခေတ္တရောက်နေသော အမေရိကန် သတင်းစာဆရာအက်ဂါးစနိုးက နိဒါန်းရေးပေး၏။ အလဟာပတ်မြို့ (Allahabad) ကီတဗစ္စတန် (Kitabistan) စာအုပ်ဌာနက ထုတ်ဝေပေး၏။ ဂျော့အော်ဝယ် ရရှိသော စာအုပ်မှာ ထို စာအုပ်ပင် ဖြစ်လေသည်။ ထိုစာအုပ်ကို ဂျော့အော်ဝယ် ဖတ်ရှုပြီးသော် အင်္ဂလိပ်အစိုးရနှင့် ပြည်သူများ သိသင့်သိ ထိုက်သော အကြောင်းအရာပါသည်ဟု သဘောရလေသည်။ ထိုစာအုပ်ကို အင်္ဂလန်၌ ထုတ်ဝေဖြန့်ချိရန် ထုတ်ဝေသူ များအား တိုက်တွန်းလေသည်။ ထုတ်ဝေသူများ၏ အဖြေမှာကား ပုံနှိပ်ထုတ်ဝေ၍ စီးပွားရေးမကိုက်ပါဟူ၍ ဖြစ်သည်။ ဂျော့အော်ဝယ်သည် ထိုအဖြေကိုမကျေနပ်။ ထို့ကြောင့် ၁၉၄၄ ခု၊ ဩဂုတ်လ ၂၅ ရက်ထုတ် Tribune ထရီဗွန်း ဂျာနယ်တွင် ဆောင်းပါးကော်လံရေး၍ ဤသို့ အကြံပေးလေသည်။ ထိုစာမျိုးကို ဗြိတိသျှပြတိုက်က ခန့်အပ်သော ကော်မတီက စဉ်းစားကြည့်စေချင်ပါသည်။ ကော်မတီက ထိုစာမျိုးကို သမိုင်းတန်ဖိုးရှိမရှိ အဆုံးအဖြတ် ပေးစေချင်သည်။ သုတေသီများအတွက် သမိုင်းတန်ဖိုးရှိသည်ဟု ဆုံးဖြတ်ပါလျှင် ဆိုင်ရာတို့က အုပ်ရေနည်းနည်းပဲ ဖြစ်စေ ရိုက်နှိပ်ဖြန့်ချိသင့်ပါသည်။ ဂရုမစိုက်မိ၍ ထိုစာမျိုး ပျောက်ပျက်သွားပါက သမိုင်းအချက်အလက်များ ဆုံးရှုံးသွားမည် ဖြစ်ပါသည် ဟူလို။ ။ သိန်းဖေမြင့်ရဲ့ ပထမဆုံး ပုံနှိပ်စာမူက ၁၉၃၃ ဇန်နဝါရီ ၂ သူရိယသတင်းစာပါ “ရာဇဝင်ပညာ” ဆောင်းပါးနဲ့ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာသင်ပြပို့ချသင့်ကြောင်း”  ဝနေငဖေ (ဘုတလင်) နာမည်နဲ့ ရေးတဲ့ ဆောင်းပါးတွေဖြစ်တယ်။ သူ့ ပထမဆုံး ပုံနှိပ်ဝတ္ထုက ၁၉၃၃ စက်တင်ဘာထုတ် ဒဂုန်မဂ္ဂဇင်းပါ ဝနေငဖေ (ဘုတလင်)ရဲ့ ‘ခင်မျိုးချစ်’ ဝတ္ထုပါ။ ၁၉၃၅ ဇွန်လမှာ သခင်ကိုယ်တော်မှိုင်း (ဦးလွန်းအတ္ထုပ္ပတ္ထိ) ရေးပြီး နဂါးနီစာအုပ်အသင်းရဲ့ ပထမဆုံး ထုတ်ဝေတဲ့ စာအုပ်ဖြစ်တယ်။ ၁၉၃၇ မှာ “တက်ဘုန်းကြီး” ကို သိန်းဖေ နာမည်နဲ့ရေးခဲ့တယ်။ ရဟန်းပျိုတချို့ ကန့်ကွက်ခံခဲ့ရလို့ ရွှေတိဂုံမှာ တောင်းပန်ရတယ်။ “တက်ဘုန်းကြီးသိန်းဖေ” နာမည်တွင်သွားတာပေါ့။ ၁၉၅၃ ထုတ်ဝေခဲ့တဲ့ ‘လမ်းစပေါပြီ’ ဝတ္ထုကစပြီး မိခင်ကြီးဒေါ်မြင့်ကို ဂုဏ်ပြုပြီး ကလောင်နာမည်ကို ‘သိန်းဖေမြင့်’ လို့ မှည့်ခေါ်ခဲ့တယ်။   “ကျွန်တော့်ကိုယ်ပိုင်နာမည် သိန်းဖေတွင် ‘မြင့်’ တလုံး နောက်ဆက်တွဲထည့်၍ ‘သိန်းဖေမြင့်’ ဟု ခေါ်တပ်စေမည်ဖြစ်ပါကြောင်း၊ ကျွန်တော်၏ လမ်းစပေါ်ပြီ ဝတ္ထုကို သိန်းဖေမြင့် နာမည်ဖြင့် ရေးသားထုတ်ဝေ မည်ဖြစ်ပါကြောင်း” ရေးသားခဲ့တယ်။ သိန်းဖေမြင့်ရဲ့ စာပေလက်ရာတွေအကြောင်း ဒီမှာ အဆုံးသတ်ပါမယ်။ သူဟာ ၁၉၇၈ ခုနှစ် ဇန်နဝါရီ ၁၅ ကွယ်လွန်သွားခဲ့တာ အခုဆို ၄၃ နှစ် ရှိပါပြီ။ သူမရှိတာ ကြာခဲ့ပေမဲ့လည်း သူ့ရဲ့ စာအုပ်စာပေတွေကြောင့် နှောင်းခေတ်လူတွေဟာ ကျောင်းသား လှုပ်ရှားမှုသမိုင်းနဲ့ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအကြောင်းတွေ၊ တခြားအကြောင်းစုံကို  သိရှိ မှတ်သားနိုင်ကြမှာပါ။ သူဟာ စာကို မထိန်ချန်ပဲ ပွင့်ပွင့်လင်းလင်း ရေးသူပါ။ မဆလခေတ်မှာ သမ္မတကြီး ဦးနေဝင်းရဲ့ လစာကိစ္စကို ဗိုလ်တထောင် သတင်းစာ ‘ပွင့်ပွင့်လင်းလင်း ပြောပါရစေ’ ကဏ္ဍမှာ ရေးသားခဲ့လို့ (၁၉၇၅ ခုနှစ်) ပြန်ကြားရေးဝန်ကြီးက သူ့ကို့ စာရေးခွင့်ပိတ်လိုက်သလို စာပေစိစစ်ရေးမှာ ထုတ်ဝေမဲ့ စာမူ အားလုံးကို ထုတ်တင်စနစ်ကနေ တင်ထုတ်စနစ်ပြောင်းခဲ့တာပါ။ အဆုံးသတ်ရလျှင် သိန်းဖေမြင့်ဟာ ၁၉၃၃ ခုက ၁၉၇၈ ကွယ်လွန်တဲ့တိုင် ၄၅ နှစ် စာရေးသက်အတွင်း ဝတ္ထုတိုရှည်၊ ဆောင်းပါး၊ ခရီးသွားစာပေ၊ အတ္ထုပ္ပတ္ထိ၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ စာပေရေးရာတွေကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာရော လုံးချင်း ဝတ္ထု စာအုပ်တွေ အဖြစ်နဲ့ပါ အများအပြား ရေးသား ထုတ်ဝေခဲ့သူပါဗျာ။ ။  မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024