SNLD နှင့် တွေ့ဆုံနိုင်ရန် ရာခိုင်နှုန်းများဟု အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ပြော

အန်အယ်လ်ဒီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)တို့ တွေ့ဆုံဆွေးနိုင်ဖို့ ရာခိုင်နှုန်းများတယ်လို့  ၃ ဦးပါ အန်အယ်လ်ဒီပါ ကိုယ်စားလှယ်အဖွဲ့ဝင်    ဦးအင်ထုံးခါးနော်ဆန်က  ဒီဗွီဘီကို ပြောပါတယ်။ ဦးအင်ထုံးခါးနော်ဆန်က “ တွေ့ဖို့ ရာခိုင်နှုန်းများပါတယ်။ အပြတ်ပြောဖို့ ခက်သေးတယ်။   နေရာကိစ္စပဲ  သူတို့ဘက်ကလည်း စီအီးစီ ပြန်တင်ပြမယ်လို့  သိထားတယ်။ ကျနော်တို့ အစီအစဉ်ကလည်း     ၁၅ ရက်နေ့အထိ    တောင်ကြီးမှာ ရှိပါမယ်။” လို့ ပြောပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စိုင်းလိတ်ကတော့ တွေ့ဆုံနိုင်ဖို့ နေရာနဲ့ အချိန်ကို နှစ်ဘက် ညှိနှိုင်းနေဆဲဖြစ်ပြီး ဒီနေ့တော့ တွေ့ဆုံပွဲ မဖြစ်လောက်သေးဘူးလို့ ပြောပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၃ ရက် ညနေက တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီပါတီရုံးမှာ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ  ရှမ်းပြည်နယ်မှာ   NLD ပါတီက ၃၃ ဦး ၊ SNLD ပါတီက ၂၆ ဦး၊ USDP ပါတီ ၂၄ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က ၇ ဦး၊ တအာင်း ပလောင်အမျိုးသားပါတီ (TNP) က ၇ ဦး၊ ‘ဝ’ အမျိုးသားပါတီက ၂ ဦး ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂ ဦး ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ၁ ဦး၊ ကယန်းအမျိုးသားပါတီက ၁ ဦး ၊ တသီးပုဂ္ဂလ ၂ ဦးတို့ အသီးသီးအနိုင်ရရှိထားပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ဇန်နဝါရီ ၁၂ရက်က လွိုင်ကော်မှာ တွေ့ဆုံဖို့  သွားရောက်ခဲ့ပေမဲ့ နေရာပြဿနာကြောင့် မတွေ့ဆုံနိုင်ခဲ့သလို မွန်ညီညွတ်ရေးပါတီ(MUP)နဲ့လည်း   ဇန်နဝါရီ ၄ ရက်က မော်လမြိုင်မှာတွေ့ဆုံဖို့စီစဉ်ခဲ့ရာမှာ  နေရာ ညှိနှိုင်းမရတာကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။

More News
Up