ဘရာဇီး၌ အိမ်မှာတင်သေဆုံးသည့် ကိုဗစ်-၁၉ လူနာ ပိုများလာ

178
ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် တိုးနေချိန်မှာ ဆေးရုံတွေက လက်ခံနိုင်တဲ့ လူနာအရေအတွက်ထက်ပိုတဲ့လူတွေကို လက်မခံနိုင်တော့တာကြောင့် နေအိမ်မှာသေဆုံးတဲ့ လူနာ ပိုများလာနေပါတယ်။
အမေဇုံနပ်စ်ပြည်နယ်ဟာ ဘရာဇီးမှာ ကပ်ရောဂါဘေး အဆိုးဆုံးခံစားရတဲ့ ပြည်နယ်တွေထဲက တခုပါ။ ဒီပြည်နယ်အတွင်း ဆေးရုံတွေက လူနာတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေလို့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက် တရက်တည်းမှာ ဘရာဇီးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ ၆၄,၀၀၀ ကျော်ရှိပြီး ကူးစက်ခံ သေဆုံးသူ ၁,၁၁၀ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါကြောင့် ကပ်ဘေးစကတည်းက ခုထိ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ ဒသမ ၂ သန်းနီးပါး ရှိပြီး ကူးစက်ခံ သေဆုံးသူ တရားဝင် ဦးရေ ၂၀၅,၀၀၀ နီးပါးအထိ တိုးလာလို့ ကမ္ဘာ့တတိယမြောက် အဆိုးဆုံး ကပ်ဘေးသင့်နိုင်ငံ ဖြစ်နေပါတယ်။