A d v e r t i s e m e n t With Us

သောက်ရေခပ်ဆည်အနီး အပန်းဖြေ‌ရေချိုးဆိပ်ကို လာရောက်သူများလာသဖြင့် ယာယီပိတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း‌အောက်ဘက်ရှိ နဂါးမောက်ကျေးရွာနားမှာရှိတဲ့ အပန်းဖြေနားနေရေချိုးဆိပ်ကို နေ့စဉ်လည်ပတ်သူ ရာနဲ့ချီရှိလာလို့  ဒေသအာဏာပိုင်တွေက ဒီကနေ့စပြီး ယာယီ ပိတ်ထားလိုက်ပါတယ်။  နဂါးမောက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးမျိုးလွင်ဦးက “မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းလာပြီး စစ်ဆေးတယ်။ ဒါက စီးပွားရေးလုပ်ငန်းလို လုပ်ကိုင်ကြတာ မဟုတ်ဘူး။ သာယာပြီးရေချိုးလို့ကောင်းတယ်ဆိုပြီး အနီးအနား လူတွေ လည်ပတ်ရာက တစ်စ တစ်စများလာတာ။ ခုရက်ပိုင်း တစ်နေ့ကို သုံးလေးငါးရာအထိ  ဖြစ်လာပြီး ဆိုင်တွေလည်း ပြည့်သွားတာ” လို့ ပြောပါတယ်။ ကိုဗစ်ကာလ ပဲခူးတိုင်းမှာ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိသူတွေများပြားလာတဲ့အပြင် တောင်ငူခရိုင် ဖြူးမြို့နယ်ထဲမှာ ရောဂါကူးစက်ခံရသူ မြင့်တက်လာတာကြောင့် လူအသွားအလာ များပြားတဲ့ နေရာတွေကို သက်ဆိုင်ရာက ယာယီပိတ်ခိုင်းလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ ၁၀ လ ကျော်လာပြီးနောက် အသွားအလာ ကန့်သတ်ခံရချိန် ကြာမြင့်တဲ့အတွက်  ဒေသတွင်းက  လူငယ်တွေနဲ့ လူရွယ်လူလတ်ပိုင်းတွေဟာ နီးစပ်ရာ အပန်းဖြေနားနေလို့ရတဲ့ နေရာတွေကို သွားရောက်ဖို့ ကြိုးပမ်းလာကြတာပါ။  ဒေသခံတစ်ဦးက “ဟိုတစ်လောက  ခပေါင်းချောင်းထဲက နေရာတစ်ခုဆို စီးပွားရေးပုံစံနဲ့ လည်ပတ် နားနေဖို့  လုပ်ထားတာပါ။ သူတို့လည်း အပိတ်ခံလိုက်ရတယ်။ အခုနဂါးမောက်နေရာက စနစ်တစ်ကျလုပ်ထားတာမျိုး မဟုတ်တော့ လူအဝင်အထွက်က အဆမတန်များသွားတာ”လို့  ပြောပါတယ်။ နဂါးမောက်ကျေးရွာနီးရှိ သောက်ရေခပ်ချောင်း နေရာကို အနားယူ အပန်းဖြေစခန်း တစ်ခုအဖြစ်ဖော်ဆောင်သွားပါက ဒေသတွင်း အလုပ်ကိုင်ကောင်းတွေ ရလာနိုင်ပေမဲ့ ကိုဗစ်ကာလဖြစ်နေ‌တာကြောင့် ခု‌တော့ ယာယီပိတ်ခိုင်းလိုက်တယ်လို့ တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ သတင်း- ရဲထွဋ် ဓာတ်ပုံ- ထွေအုပ်ရုံး 

A d v e r t i s e m e n t With Us

More News
Up