တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးဖို့ အစိုးရကမ်းလှမ်းချက် ယူအန်အက်ဖ်စီ ဆွေးနွေးမည်
အေးနိုင်
·
September 16, 2013
အစိုးရက ဖိတ်ခေါ်ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တွေအကြား ညှိနှိုင်းဆွေးနွေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဟာ ဒီလကုန်ပိုင်းကျရင် အရေးပေါ်အစည်းအဝေး တရပ်ကျင်းပဖို့ ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက တိုင်းရင်းသားတွေ တောင်းဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ကနဦးဆုံး အပစ်အခတ်ရပ်စဲရေးလုပ်ရမယ်လို့ အစိုးရဘက်က ပြောဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ တအာင်းခေါ် ပလောင်လွတ်မြောက်ရေးအဖွဲ့ ၂ ဖွဲ့သာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကျန်နေချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရဘက်က နေပြည်တော်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြဖို့ အစီအစဉ်ကို ပြောကြားခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မယ်လို့ ယူအန်အက်ဖ်စီကို ပြောဆိုခဲ့ပါတယ်။
ဒီအခြေအနေအပေါ် တိုင်းရင်းသားမဟာမိတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ခေါ်ယူညှိနှိုင်းမှာ ဖြစ်ပါတယ်။ ယူအန်အက်ဖ်စီ ပြောခွင့်ရသူ နိုင်ဟံသာနဲ့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။