တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
DVB
·
January 12, 2021
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရေငံကျေးရွာမှာ တူမဖြစ်သူရဲ့ မဖွယ်မရာဓာတ်ပုံတွေကို ပြသခဲ့တဲ့ အမျိုးသားတစ်ဦးကို ဦးလေးဖြစ်သူက သတ်မှု ဖြစ်ပွားခဲ့လို့ အမှုဖွင့်အရေးယူထားတယ်လို့ နတ်မောက်် မြို့မရဲစခန်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ညက ရေငံရွာသား မြင့်နိုင်နဲ့ တူမရဲ့ရည်းစားဖြစ်သူ ရဲဇော်ထက်တို့ စကားများကြရာက လူသတ်မှု ကျုးလွန်ခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့ အလောင်းကို မနေ့ကမှ ယာခင်းထဲလိုက်သွားတဲ့ ဖခင်ဖြစ်သူက တွေ့ခဲ့ရတာလို့ နတ်မောက်် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
သေဆုံးသူရဲ့ ဖခင် ဦးထွန်းဝင်းဟာ ဇန်နဝါရီ ၁၁ ရက်မနက်က အခင်းဖြစ်ရာ ဝါစိုက်ခင်းသို့ သွားရာမှာ ရေတင်စက်ထားတဲ့ တဲပေါ်မှာ သားဖြစ်သူ ရဲဇော်ထက်ကို သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့မြင်ခဲ့ရတာကြောင့် နတ်မောက် မြို့မရဲစခန်းသို့ သတင်းပေးပို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ မသင်္ကာသူ ရေငံကျေးရွာနေ မြင့်နိုင်ကို စစ်ဆေးရာမှာ ဇန်နဝါရီ ၉ ရက် ညဦးပိုင်းက သေဆုံးသူရဲဇော်ထက်က တူမဖြစ်သူနဲ့ သမီးရည်းစားဖြစ်နေကြောင်း ပြောဆိုပြီး မဖွယ်မရာဓါတ်ပုံတွေ ပြသခဲ့ရာကစပြီး နှစ်ဦးသား လုံးထွေးသတ်ပုတ်ခဲ့ကြကာ ငယ်ပါကိုညှစ်ကာ စောင့်တွန်းလိုက်ချိန် လဲကျသွားတဲ့ ဇော်ရဲထက်ကို ထပ်မံပြီး နှစ်ချက်လောက် ကိုင်ဆောင့်ပစ်ခဲ့တယ်လို့ နတ်မောက်မြို့မ ရဲစခန်းမှုခင်း ရဲမှတ်တမ်းအရ သိရပါတယ်။
အဆိုပါ လူသတ်မှုနဲ့ပတ်သက်လို့ မြင့်နိုင်ဆိုသူကို နတ်မောက််မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့အမှုဖွင့် ဖမ်းဆီးအရေး ယူဆောင်ရွက်ထားပါတယ်။
သတင်း-ရဲထွဋ်