Home
ဆောင်းပါး
HD ဖိုင်နဲ့ အကျပ်ကိုင်ပြီး လိင်အမြတ်ထုတ်နေသူကို တွန်းလှန်ခဲ့သူ
DVB
·
January 12, 2021
“ပထမဆုံးရည်းစားမှာပဲ သူနဲ့ ကျူးလွန်မိသွားတော့ သူ့ကိုပဲ ငါယူရတော့မယ်။ နာမည်ပျက်မှာလည်းစိုးတော့ ဆက်တွဲတာပေါ့။ နောက်တော့ သူက စိတ်ရှိတဲ့အခါတိုင်းချိန်းတယ်”လို့ မအေးမြ (အမည်လွှဲ)က သူရဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အမြတ်ထုတ်ခံရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။ သူရဲ့ချစ်သူနဲ့ ချစ်သူရည်းစားအဖြစ်ကနေ တဆင့်ကျော်ခဲ့တဲ့အချိန်တုန်းက မအေးမြရဲ့အသက်ဟာ ၁၇ နှစ်သာရှိသေးပါတယ်။ ပထမနှစ်မှာ ချစ်သူကောင်လေးက သီချင်းဆိုကြမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ KTV သွားကြရင်းကနေ သမီးရည်းစားထက်ပိုတဲ့ဆက်ဆံရေးဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူရဲ့ချစ်သူဟာ နှစ်ကိုယ်ကြားရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်ပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့တာတွေ လုပ်လာခဲ့တယ်လို့လည်းဆိုပါတယ်။ လေးနှစ်နီးပါးကြာ ဘဝပျက်မတတ် ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရပုံနဲ့ ဘယ်လိုရုန်းထွက်ခဲ့တယ်ဆိုတာကိုလဲ မအေးမြက တခြားအမျိုးသမီးတွေ သိနိုင်ဖို့ ပြန်ဖလှယ်ပေးခဲ့ပါတယ်။ သူတို့ ဒုတိယနှစ်ရောက်တဲ့ အချိန်မှာတော့ ကောင်လေးဘက်က ချစ်သူရည်းစားတွေလို ကြင်ကြင်နာနာ မရှိတော့ဘဲ သူအတူနေလိုတဲ့ စိတ်ဖြစ်လာရင် ချိန်းတယ်၊ မလာဘူးပြောရင် ခြိမ်းခြောက်တာတွေ စပြီး လုပ်လာခဲ့တယ်လို့ မအေးမြက ဆိုပါတယ်။ “ပြတ်သွားရင်လည်း နာမည်ပျက်မှာလည်း ကိုယ်ကကြောက်နေတော့ အဲ့ဒီလို အတွေးတွေနဲ့ ဆက်ပြီးတော့ တွဲခဲ့တာ။ တွဲရင်းနဲ့ ကိုယ့်ဘက်ကလည်း စွဲလမ်းမှုတွေ ရှိတယ်ပေါ့နော်”လို့ မအေးမြက ဆိုပါတယ်။ အင်တာနက် ခေတ်စားလာပြီးနောက်ပိုင်းမှာ လူငယ်ချစ်သူစုံတွဲ အများစုဟာ အတူနေစဉ်မှာ မိန်းကလေးဘက်က သဘောတူ ကြည်ဖြူစွာရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေရှိသလို၊ မိန်းကလေး မသိအောင်လည်း ရိုက်ကြတာတွေဖြစ်လာပါတယ်။ မအေးမြတို့ Video Call ကို အဝတ်ဗလာနဲ့ ပြောဆိုကြတဲ့ အချိန်မှာ သူ့ရဲ့ ချစ်သူကောင်လေးက မှတ်တမ်းယူထားပြီး သူစိတ်ရှိတဲ့အခါတိုင်း မအေးမြကိုချိန်းဆိုတဲ့အခါ ငြင်းဆန်ခဲ့ပါက ဒီဖိုင်ကို ဖေ့ဘွတ်ပေါ်တင်လိုက်ရမလားဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ “ပထမနှစ်တုန်းက ရည်းစားလို သဘောပေါ့။ နောက်ကျတော့ အသစ်တွဲချင်တယ်ဆိုတော့ အဲ့ဒါကို နားမလည်ဘူး။ နားမလည်တော့ ကိုယ်က ဘဝပျက်သလိုတောင် ဖြစ်ခဲ့တယ်” လို့ မအေးမြရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြောပြပါတယ်။ မအေးမြရဲ့ ချစ်သူကောင်လေးဟာ ချစ်သူအဖြစ် ဆက်တွဲတာ မဟုတ်တော့ဘဲ လိင်ကိစ္စတစ်ခုထဲအတွက် တွဲခြင်းသာ ဖြစ်ပြီး မအေးမြ မလာဘူးလို့ ပြောတဲ့ အချိန်တိုင်း ဒီဖိုင်တွေ၊ ဓာတ်ပုံတွေကို နင်တို့ အဖေ၊ အမေဆီကို ပို့လိုက်ရမလားဆိုပြီး ခြိမ်းခြောက်မှုတွေလည်း ဆက်တိုက်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ “ခြိမ်းခြောက်တော့ သွားတွေ့ရင်းတွေ့ရင်းနဲ့မှ ညီမက တဖြည်းဖြည်းနဲ့ သူ့အကြောင်းကို သိလာတယ်။ ညီမ နဲ့ နေ ပြီးရင် တခြားကောင်မလေးတွေနဲ့ ပွေရှုပ်နေတော့ စိတ်ကုန်လာလို့ ဖြတ်လိုက်တယ်။ အဲ့ဒီမှာ ပြဿနာ စတာပဲ” လို့ မအေးမြက ပြောပြပါတယ်။ မအေးမြ သူ့ချစ်သူကို အဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် အဝတ်ဗလာနဲ့ Video Call ပြောထားတဲ့ ရုပ်သံဖိုင်တွေကို သူ့ချစ်သူကောင်လေးက ယောကျာ်းလေးသူငယ်ချင်းများထံသို့ ဖြန့်ဝေပြီး သူ့ရဲ့လုပ်ဆောင်မှုအတွက် ဂုဏ်ယူစွာ ပြောဆိုမှုတွေပါ ရှိနေတယ်လို့ မအေးမြက ဆိုပါတယ်။ အဆက်အသွယ်ဖြတ်ပြီး နောက်ပိုင်းမှာ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ကြီးများနှင့် ပြသပြီးဆေးကုသရခဲ့ရသည့် အနေအထားထိဖြစ်ခဲ့တဲ့အပြင် နောက်ဆုံး သူ တက်ရောက်နေတဲ့ တက္ကသိုလ်ကနေ နုတ်ထွက်လိုက်ရတဲ့ အထိပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။ သတ္တိမွေးပြီး မိခင်ဖြစ်သူကို ဖြစ်ကြောင်း ကုန်စင်ပြောပြရာမှာတော့ မိခင်ဖြစ်သူမှာ နားလည်ပေးပြီး မအေးမြကို နှစ်သိမ့်ပေးကာ အကောင်းဆုံးနည်းဖြင့် ဖြေရှင်းဖို့ နည်းလမ်းရှာပြီး ဖြေရှင်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို ချစ်သူစုံတွဲတွေ အဆင်မပြေတဲ့အချိန် အွန်လိုင်းပေါ်တွင် ကောင်မလေးဘက်မှ အလိုတူသည်ဖြစ်စေ၊ အလိုမတူ သည်ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဗီဒီယိုဖိုင် ရိုက်ကူးပြီး အွန်လိုင်းပေါ်တင်နေခြင်းဟာ အဓိကမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ အားနည်းခြင်းကြောင့် ဖြစ်တယ်လို့ ဥပဒေရေးရာကုစာရေးအဖွဲ့ (မြန်မာ)ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သလို တရားလွှတ် တော်ရှေ့နေ့ ဖြစ်တဲ့ ဒေါ်လှလှရီက သုံးသပ်ပါတယ်။ “အွန်လိုင်းကနေ အခုလို ခြိမ်းခြောက်လာပြီ။ အသရေဖျက်မယ်လို့ ပြောလာရင်တော့ အမျိုးသမီးတွေ အနေနဲ့ record (မှတ်တမ်း)ယူပြီးတော့မှ သက်ဆိုင်ရာ ဥပဒေဖြစ်တဲ့ ၆၆(ဃ)နဲ့ တရားစွဲဖို့ လိုပါတယ်။ အဲ့လိုငြိမ်ခံရင်း အမျိုးသမီးတွေက ခြိမ်းခြောက်သူရဲ့ ဆန္ဒကို ဖြည့်ပေးရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်သလိုမျိုးဖြစ်လာတယ်။ ဒီလိုဖြစ်လာရင်တော့ လုံးဝ သည်း မခံတော့ဘဲ သက်ဆိုင်ရာ ဥပဒေနဲ့တိုင်သင့်တယ်လို့ မြင်ပါတယ်” လို့ ဒေါ်လှလှရီက ဆိုပါတယ်။ ချစ်သူကောင်လေးတင်တဲ့ ဗီဒီယိုင်ဖိုင်တွေကို ဖျက်ပေးဖို့အတွက် “အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးစေဖို့” လို့အမည်ပေးထားတဲ့ Facebook Group ကိုစတင်တည်ထောင်သူ ကိုစည်သူနဲ့ မအေးမြ ချိတ်ဆက်မိပြီး အွန်လိုင်းကနေတဆင့် ပြန်လည် တိုက်ခိုက်ဖို့အတွက် ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ကိုစည်သူ အနေဖြင့် ယင်းပြဿနာကို ဖြေရှင်းသည့် ပုံစံမှာ ပထမ အဆင့်အနေနဲ့ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ဖြစ်စဉ်ကို တင်ပြီး ကာယကံရှင်များမှာ မည်သူမည်ဝါ ဆိုသည်ကို မဖော်ပြဘဲ နောက်ပိုင်းမှာ ကောင်လေးကိုယ်တိုင်က ချက်ဘောက်စ်မှာ လာဆက်သွယ်ပြီး ထိုနည်းနဲ့ ပြဿနာကို ဖြေရှင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “တရားခံလည်းမသိဘူး။ တရားလိုလည်းမသိဘူး။ ကျနော့်အကျင့်က အမြဲတမ်း သိုသိုသိပ်သိပ်လုပ်တယ်။ ကောင်မလေးကို မထိခိုက်အောင်လို့ ကျနော်ကလုပ်တာ။ ရည်ရွယ်ချက်က ကောင်မလေးကို မနစ်နာ စေချင်ဘူး” လို့ ဦးစည်သူက ဆိုပါ တယ်။ ဒီလိုနည်းနဲ့ ဖြေရှင်းပေးခဲ့သည့်အတွက် မအေးမြ အတင်ခံထားရတဲ့ ဗီဒီယိုဖိုင်ကို ပြန်ဖြုတ်ချပေးခဲ့ပြီး၊ ကောင်လေးဘက်မှ မိသားစုလိုက်လာရောက်တောင်းပန်ခဲ့ပြီး၊ ယင်းကဲ့သို့ ပြဿနာများ ထပ်မဖြစ်စေဖို့အတွက် ဝန်ခံကတိထိုးခဲ့ကြောင်း မအေးမြက ဆိုပါတယ်။ “ဒီလို အဖြစ်တွေနဲ့ ကြုံလာရပြီဆိုရင် ကိုယ့်ရဲ့ သား/သမီးတွေ အပေါ်မှာ အပြစ်မဖို့ဘဲ တရားမျှတမှု ရဖို့အတွက် မိသားစု ဝင်နေ အနေနဲ့ အားပေးဖို့လိုတယ်။ ခံလိုက်တဲ့ အမျိုးသမီးကလည်း သတ္တိရှိဖို့လိုပါတယ်။ ဆုံးဖြတ်ချက် ပြတ်သားဖို့လို တယ်” လို့ ဒေါ်လှလှရီ ကဆိုပါတယ်။ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာကို အသုံးပြုသူ များလာတာနဲ့ အမျှ မအေးမြဖြစ်စဉ်လိုပဲ ချစ်သူရည်းစားဘဝမှာ အတူနေခဲ့တဲ့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုကော ပြောစဉ်မှာ အဝတ်ဗလာနဲ့ ပြောဆိုကြတဲ့အခါ မှတ်တမ်းယူထားတဲ့ ဗီဒီယိုဖိုင်တွေကို ချစ်သူရည်းစားတွေ အဆင်မပြေတဲ့ အချိန်မှာ ဒါတွေကိုအသုံးချပြီး လိင်အမြတ်ထုတ်ဖို့ကြိုးစားတာတွေ၊ ခြိမ်း ခြောက်တာတွေနဲ့ ငွေညှစ်တောင်းတဲ့ ဖြစ်စဉ်တွေအဖြစ်များလာပါတယ်။ သို့သော်လည်း မအေးမြကဲ့သို့ သတ္တိရှိရှိနဲ့ ပြန်လည်ခုခံတိုက်ခိုက်သည့် နည်းလမ်းနဲ့ ဖြေရှင်းမှုလုပ်ကြတာတွေကတော့ လက်ချိုးရေတွက်လို့ရတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်။ သူမရဲ့ အမည်အရင်းကို မဖော်ပြဖို့ တောင်းဆိုထားတဲ့ နေပြည်တော်က အသက် ၂၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးကလည်း သူ့ရဲ့ နှစ်နဲ့ ချီပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရတဲ့ အခြေအနေကို ပြောပြပါတယ်။ “သူ့ကို ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမဲ့ စပြီးတူတူနေတုန်းက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို တင်လိုက်မယ်။ မလာရင် တင်လိုက်မယ် ဒီမျိုးတွေ ခြိမ်းခြောက်တာ ခံနေရတာ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။ သူမဟာ အဆက်ဖြတ်ဖို့ ကြိုးစားနေပေမယ့်လည်း ပတ်ဝန်းကျင်၊ လူမှု အသိုင်းအဝိုင်း၊ မိဘ၊ ဆွေမျိုးတွေ သိသွားမည်ကို စိုးရိမ်သဖြင့် တိုင်တန်းတာတွေ မလုပ်သေးဘဲ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေတယ်လို့ ယင်းအမျိုးသမီးက ရင်ဖွင့်လာပါတယ်။ မအေးမြကတော့ သူ့လိုမျိုး တခြားသောမိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ မခံရဖို့ အတွက် ကျောင်းပညာရေးက အစ၊ လိင်ပိုင်းဆိုင်ရာ ပညာပေး သင်ခန်းစာများ ထည့်သွင်းသင်ကြားစေလိုကြောင်း၊ မိဘများကိုယ်တိုင်ကလည်း လက်တွေ့ကျကျ နားဝင်အောင်ပြောပြသင့်တယ်လို့ ဆိုပါတယ်။ “ကိုယ့်လို တခြားသော အမျိုးသမီးတွေကိုလည်း သူတို့ ချစ်တဲ့ ကောင်လေးတွေကို ဘဝပေးဆပ်ပြီးရင်လည်း၊ ကိုယ့် အပေါ်ကို ကြင်ကြင်နာနာ မဆက်ဆံဘဲ ကာမရလိုမှု တစ်ခုထဲအတွက်နဲ့ လက်တွဲနေတာဆို အမြန်ဆုံး သူတို့လက်ထဲက လွှတ်မြောက်ဖို့ ကြိုးစားစေချင်ပါတယ်” လို့ လက်ရှိမှာ မအေးမြက တိုက်တွန်းပါတယ်။ အခုလို ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အိပ်မက်ဆိုးကြီးကနေ ရုန်းထွက်ခဲ့ပြီး လက်ရှိ တည်ငြိမ်အေးချမ်းစွာနဲ့ရပ်တည်နေနိုင်ပြီဖြစ်တဲ့ မအေးမြကတော့ သူ့လို ဘဝတူ အခြားသော အမျိုးသမီးတွေအတွက် လုပ်ပေးချင်တဲ့ ကြီးမားတဲ့ ရည်မှန်းချက်တခုလည်းရှိနေပါတယ်။ “ကိုယ်ကိုတိုင်ခံခဲ့ရပြီးမို့လို့ အခုဆိုရင် တခြားသော အမျိုးသမီးတွေကိုလည်း ကိုယ့်လို မခံရစေချင်ဘူး။ ဒါကြောင့် ဒီဘဝကိုလွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့တာကို တခြားသော အမျိုးသမီးတွေကို ပြန်ပြီး အသိပညာပေးချင်တယ်။ အခွင့်အရေးရရင် တခြားသော ပရဟိတ အလုပ်တွေ လုပ်ချင်တာ” လို့မအေးမြက ဆိုပါတယ်။ မိုးမိုး hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024