Home
မြန်မာသတင်း
ရေစကြိုမြို့နယ် ကျေးရွာအချို့  သောက်ရေအခက်အခဲ ကြုံတွေ့
DVB
·
January 10, 2021
137079514_2463986947230594_5803170413086801320_n
136430178_2463986993897256_7598638639764640537_n
135817272_2463986770563945_9164138751501826300_n
135618802_2463986700563952_2711035855552717618_n
135824815_2463986833897272_7366366021626788606_n

မကွေးတိုင်း၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကျေးရွာအချို့မှာ ပြီးခဲ့တဲ့နှစ်က မိုးရွာသွန်းမှု နည်းပါးခဲ့တာကြောင့် သောက်ရေ အခက်အခဲ ကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မတ်လနဲ့ ဧပြီလတွေမှသာ သောက်ရေရှားပါးလေ့ရှိပေမယ့် အခုနှစ်မှာတော့ ဒီဇင်ဘာလကထဲနေစတင်ပြီး သောက်ရေရှားပါးနေတယ်လို့ ဘောင်ဘဲ့တန်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ရင်က ပြောပါတယ်။

“မိုးက ဘာမှမရွာဘူး၊ သောက်ရေအဓိကရှားတာပေါ့။ သုံးရေကတော့ ဖြစ်တယ်ထားတော့၊ အရင်နှစ်တွေကလည်း ရေရှားပါတယ်၊ ဒီနှစ်တော့ ပိုဆိုးတာပေါ့။ အရင်နှစ်တွေက ဒီအချိန်ဆို အဆင်ပြေသေးတယ်လေ နွေမှဖြစ်တာ ဒီနှစ်ကျ အခုအစောကြီးကတည်းက သောက်ရေရှားတာ။” 

ရေစကြိုမြို့နယ်က ကုန်းတွင်းပိုင်းကျေးရွာတွေမှာ မြေအောက်ရေတူးဖော်ရရှိဖို့ ခက်ခဲပြီး ရေတွင်းထူးဖော်လျှင်လည်း ရေငန်သာထွက်တာကြောင့် မြေသားကန်တွေမှာ ဝင်ရောက်တဲ့ မိုးရေကို သောက်ရေအနေနဲ့ တစ်နှစ်စာ သောက်သုံးကြရတာဖြစ်ပါတယ်။ 

၂၀၂၀ ပြည့်နှစ်အတွင်းက မိုးရေရွာသွန်းမှု နည်းပါးခဲ့တာကြောင့် အခုအချိန်မှာ မြေသားမိုးရေကန်တွေထဲမှာ ရေမရှိတော့တဲ့အတွက် သောက်ရေ အခက်အခဲ ကြုံနေကြတာလည်း ဖြစ်ပါတယ်။

အဲဒီကျေးရွာတွေမှာ ရေငန်တွေသာ ထွက်ရှိတဲ့ တွင်းရေတွေမှာလည်း ပြီးခဲ့တဲ့နှစ်တွေထက် ရေထွက်နှုန်း ပိုနည်းလာနေတယ်လို့သိရပါတယ်။ ဒါ့ပြင် တချို့ကျေးရွာတွေမှာ ရေကြောပြောင်းလဲပြီး ရေခါးတွေအဖြစ် ပြောင်းလဲနေတာကိုလည်း တွေ့ရတယ်လို့ ကံပွင့် မိသားစုရေအလှူတော်အဖွဲ့ခေါင်းဆောင် ဦးခင်ဇော်ထံက ပြောပါတယ်။

“ဆပ်သွားကျေးရွာတို့ဆိုရင် ရေတွင်းတူးပြီးခါစက ရေလည်းပေါတယ်၊ ‌ရေလည်း ကောင်းတယ်။ အခုကျ ရေလိုက်နည်းလာတယ်၊ ရေကလည်း ပါဝင်ပစ္စည်း နည်းနည်းပြောင်းလဲသွားတယ်၊ ခါးလာတယ်။ ဘောင်ဘဲ့တန်းကျေးရွာတို့ ကျတော့ ရေကန်ထဲ ရေနည်းနည်းကျန်တယ်၊ ဒီနှစ်ရေမကျန်ဘူး အဲလိုဖြစ်နေတယ်။”

ရေစကြိုမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာ လောက် သောက်ရေ ရှားပါးနေပြီး ရေအလှူတော်အဖွဲ့တွေက သောက်ရေလှူဒါန်းပေးနေကြရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ကျေးရွာ ၁၈ ရွာလောက် သောက်ရေရှားပါးခဲ့တယ်လို့ ရေအလှူတော်အဖွဲ့တွေဆီက သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ၂၀၁၈ ခုနှစ်က မိုးရေချိန် ၃၃.၆၄ လက်၊ ၂၀၁၉ ခုနှစ်မှာ မိုးရေချိန်လက်မ ၁၅.၀၄ လက်မနဲ့ ၂၀၂၀ ပြည့်နှစ်မှာ မိုးရေချိန် ၁၆.၀၁ လက်မရွာသွန်းခဲ့ပြီး ရေစကြိုမြို့နယ်ရဲ့ ၁၀ နှစ်ပျမ်းမျှ မိုးရေချိန်လက်မမှာ ၂၄.၂၇ လက်မဖြစ်တယ်လို့ ရေစကြိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မိုးရေချိန်စာရင်းတွေအရ သိရပါတယ်။

အိဝါမောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024