Homeမြန်မာသတင်းအစိုးရက မြောက်ပိုင်း ၄ ဖွဲ့ကို ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ပေးပို့ထား
အစိုးရက မြောက်ပိုင်း ၄ ဖွဲ့ကို ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ပေးပို့ထား
မြောက်ပိုင်းမဟာမိတ် AA၊ TNLA၊ MNDAA၊ KIA အဖွဲ့တို့နဲ့ ဇန်နဝါရီလထဲမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းထားပြီး ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် မူကြမ်း ပေးပို့ထားတယ်လို့ ဇန်နဝါရီ ၈ ရက်နေ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ကူမင်းမှာ နောက်ဆုံးတွေ့ပြီး အလွတ်သဘောဆွေးနွေးခဲ့တာမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ပေမယ့် ပြန်လည်ဆွေးနွေးမှုအရ ရှေ့ဆက်သွားမယ့် အဆင့်သုံးဆင့်ပါ လုပ်ငန်းစဉ်အပေါ်မှာတော့ နှစ်ဦးနှစ်ဖက် စာနဲ့ကတိကဝတ်တွေ ရထားပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ရထားပြီဖြစ်တဲ့အတွက် ခုဒီသုံးဖွဲ့နဲ့ ဒီဇန်နဝါရီလထဲမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အစိုးရဘက်က ကမ်းလှမ်းထားပါတယ်။ သုံးဖွဲ့အပြင် KIA ပါရင် လေးဖွဲ့ပေါ့။ လေးဖွဲ့နဲ့ အဆင့်သုံးဆင့်နဲ့ သွားမှာဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။
အလားတူ မြောက်ပိုင်းလေးဖွဲ့ကိုလည်း ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် သဘောတူညီချက်မူကြမ်း ပေးပို့ထားပြီး အစိုးရဘက်က တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
“ပို့ထားတဲ့အပေါ်မှာ ဒီမြောက်ပိုင်းလေးဖွဲ့ရဲ့ သဘောထားကို မြန်မြန်ဆန်ဆန် ပြန်ပို့မယ်၊ ပြီးရင် တွေ့ဆုံပြီး ဆွေးနွေးမယ်။ ဆွေးနွေးတာကိုတော့ မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံဆိုပြီး ကမ်းလှမ်းထားတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ မြောက်ပိုင်းလေး ဖွဲ့နဲ့ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ မြောက်ပိုင်းလေးဖွဲ့ဘက်က တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတဲ့သဘောဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒ့ါအပြင် KNPP နဲ့ အွန်လိုင်းကနေ Bilateral ကိစ္စဆွေးနွေးထားပြီး KNPP ဘက်က NCA မထိုးခင် ဆောင်ရွက်လိုတဲ့ အချက်တွေကို မူကြမ်းရေးပြီးရင် ဒီလထဲမှာပဲ တွေ့ဖို့လျာထားတယ်လို့လည်း ဆိုပါတယ်။
“ပြီးခဲ့တဲ့ လပိုင်းမှာ KNPP နဲ့ Bilateral အွန်လိုင်းကနေ ဆွေးနွေးပြီးပြီ။ ဆွေးနွေးတဲ့အခါမှာ NCA မထိုးခင် တဆင့်အနေနဲ့ KNPP ဘက်က ဆောင်ရွက်လိုတဲ့အချက်တွေ ကျနော်တို့ကို ပြောပြပါတယ်။ ပြောပြီးရင် သူတို့ဘက်မှ ပြန်ပြီး Draft လုပ် မယ်။ အဲ Draft ကို ကျနော်တို့ကို ပို့မယ်။ ပြီးရင် ဒီဇန်နဝါရီလထဲမှာပဲ နောက်တကြိမ်ဆွေးနွေးဖို့ လျာထားထားပါတယ်။ ဒါကတော့ လက်မှတ်မထိုးရသေးတဲ့ KNPP နဲ့ပါ” လို့ ဦးဇော်ဌေးက ပြောပါတယ်။
လာမယ့် အစိုးရသစ်အနေနဲ့ လုပ်ငန်းစဉ်သုံးခုနဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘောဆွေးနွေးခဲ့ပြီးနောက် ကိုဗစ်-၁၉ အခြေအနေကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ရပါတယ်။