ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို

ရခိုင်ပြည်နယ်မှာ တပ်မတော်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုပြီး အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ကိုဗစ်ကာလ တရားရုံးမထုတ်တာ လနဲ့ချီ ကြာပြီဖြစ်တာကြောင့် တွေ့ဆုံခွင့်ပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးခံရတဲ့ ကပ်သပြေကျေးရွာနေ ကိုလှနုအောင်ရဲ့ဖခင် ဦးမောင်ဝေနုက “သူတို့ကိုဖမ်းသွားတာကတော့ ၆ လပိုင်း၊ ၂၆ ရက်နေ့က ဖမ်းသွားတာ၊ အခုဆိုရင် ၈ လလောက်ကြာပြီလေ။ ဖမ်းဆီးခံရတဲ့အထဲမှာ သား ၁ ယောက် ပါသွားတယ်။ လူ ၉ ယောက်ဖမ်းခံရတာမှာ ၇ ယောက်ကျန်ခဲ့တယ်။ အဲဒီ ၇ ယောက်က ဒုက္ခအခက်အခဲ ခံနေရတယ် ထောင်ထဲမှာ။ တွေ့လည်းမတွေ့ရဆိုပြီးတော့ ဖြစ်နေတယ်။ အဲဒါကို ကျနော်တို့က ဘယ်လိုနည်းနဲ့ ဘယ်လိုတွေ့ရမလဲ၊ လိုလားချက်ကတော့ ကျနော်တို့ မိဘလုပ်တဲ့သူတွေကတော့ ကိုယ့်သားသမီးတွေကိုတော့ လွတ်စေချင်တာပေါ့” လို့ ပြောပါတယ်။

ကပ်သပြေကျေးရွာမှာ တပ်မတော်က သံသယနဲ့ ဖမ်းဆီးသွားတဲ့အထဲ ကိုတင်အောင်ချေ ဆိုသူလည်း ပါဝင်ပြီး ကလေး ၄ ယောက်နဲ့ကျန်ရစ်တာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့  ဇနီးဖြစ်သူ မဖြူသန်းရီက ပြောပါတယ်။

“အိမ်ရှင်ကို ဖမ်းသွားတုန်းက ကျမမှာ ကိုယ်ဝန်က ၅ လ၊ ကလေးက ၈ လ၊ ဆေးရုံက ဆင်းလာတာပဲရှိသေးတယ်၊ အခက်အခဲတွေကအများကြီးပါ။ ကျမမှာ အကြီးက ၈ နှစ်ရယ်၊ အငယ်က ၅ နှစ်မပြည့်သေးဘူး။ အိမ်ရှင်မရှိတဲ့ အချိန်မှာ ကျမတို့ကရေလုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့သူတွေဆိုတော့ ကိုယ့်မှာရှာဖွေပေးမဲ့ လူမရှိရင် အားကိုးမဲ့လူမရှိဘူး၊ ဒီနေ့လုပ်မှ ဒီနေ့စားရတာဆိုတော့၊ အခက်အခဲတွေကအများကြီးရှိတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူအကျဉ်းထောင်မှာ တပ်မတော်က သံသယနဲ့ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံနေရသူ စုစုပေါင်း ၆၀ ကျော်ထိရှိကာ ဖမ်းဆီးခံရသူတွေဟာ ကျောက်ဖြူမြို့နယ်အပါအဝင် တစ်ခြားမြို့နယ်တွေကလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ကိုဗစ်ကာလအတွင်း မိသားစုဝင် တွေနဲ့  တွေ့ခွင့်မရသလို ရုံးထုတ်စစ်ဆေးတာတွေ မရှိတဲ့အတွက် များစွာနစ်နာမှုတွေရှိနေတာကြောင့် ပြန်လည် လွှတ်ပေးဖို့ကိုလည်း မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

နောင်နောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up