အိန္ဒိယတွင် ကလေးဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစကလေး ၁၀ ဦး သေဆုံး
DVB
·
January 9, 2021
အိန္ဒိယအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်းက ဆေးရုံ မီးလောင်မှုအတွင်း မွေးကင်းစကလေးငယ် ၁၀ ယောက် သေဆုံးခဲ့ပါတယ်။
ဘန်ဒရာခရိုင်ဆေးရုံ မီးလောင်ရာမှာ မီးသတ်သမားတွေ မလာခင် ဆေးရုံဝန်ထမ်းတွေက မွေးကင်းစကလေးငယ် ၇ ယောက်ကို ကယ်ဆယ်ခဲ့ပါတယ်။
မနက် ၂ နာရီခန့်က မီးစလောင်ခဲ့ပြီး တာဝန်ကျ သူနာပြုက ဆေးရုံရဲ့ မွေးကင်းစကလေး စောင့်ရှောက်ခန်းကနေ မီးခိုးတွေ ထွက်လာတာကို တွေ့ခဲ့ပြီးနောက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။
အခန်းအတွင်း ဆက်တိုက်ပေါက်ကွဲမှုကြောင့် ကယ်ဆယ်ရေး ကြန့်ကြာခဲ့ရတယ်လို့လည်း ဒေသမီဒီယာက ဖော်ပြပါတယ်။
"ဆေးရုံဝန်ထမ်းတွေက မွေးကင်းစကလေး ၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ၁၀ ယောက်ကတော့ ကံမကောင်းဘဲ သေဆုံးခဲ့တယ်" လို့ ခရိုင်ခွဲစိတ်ကုဆရာဝန်ကြီးက ပြောဆိုခဲ့ ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီကလည်း သေဆုံးခဲ့တဲ့ ကလေးငယ်တွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။