A d v e r t i s e m e n t With Us

မဲစာရင်းအမှား လျော့ပါးစေဖို့ဆိုရင် (ဆောင်းပါး) 

၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးတဲ့နောက် မဲစာရင်း မှန်ခြင်း၊ မှားခြင်း ကိစ္စရပ်တွေ၊ စစ်ဆေးတာတွေ ကြားလာရတော့ အပိုင်းနှစ်ပိုင်း စဉ်းစားမိတယ်။ တခုက မြန်မာတွေရဲ့ ကိုယ့်ဆောင်တာ (Function) ကိုယ်မသိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အကြောင်းပေါ့။ နောက်တခုက ရွေးကောက်ပွဲ မဲစာရင်းအကြောင်းတွေကို စဉ်စားနေမိတယ်။ ကိုယ့်ဆောင်တာကိုယ် မသိတာလား။ ‘အပ်နဲ့မထွင်းဘဲ ပုဆိန်နဲ့ပေါက်’ချင်တဲ့ အဂတိစိတ်ရဲ့ ပြဋ္ဌာန်းခြင်းခံရသလားတော့ မဆိုနိုင်။ ဒီအကြောင်းကိုတော့ နောက်ကြုံမှ ပြောကြသေးတာပါ့။ အခုပြောချင်တာက ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းအကြောင်း ပြောချင်တယ်။ နိုင်ငံအတော်များများမှာလည်း မဲစာရင်းဟာ အနည်းနဲ့အများ မှားတတ်ကြတာပါပဲ။ အဂတိကြောင့် မမှားဖို့ဘဲ လိုတာပါ။ ကမ္ဘာ့နိုင်ငံတွေဖြစ်တာနဲ့စာရင် မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက မပြောပလောက်ပေမယ့် ပြောရဦးမှာပဲ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “စက်တင်ဘာ ၁၄ ရက်နေ့ ကြေညာမည့်မဲစာရင်း မှန်ကန်ရန် ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်တယ်” လို့ ပြောခဲ့ဖူးတာကို သတိရမိတယ်။ ရာနှုန်းပြည့် မှန်ရမယ်လို့တော့ ဘယ်သူမှ အာမ မခံနိုင်ကြဘူးဆိုတာ နားလည်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ သန်းခေါင်စာရင်း ကောက်ယူခဲ့တာဆိုတော့ ဘာကြာသေးလို့လဲ။ ၂၀၁၅ မဲစာရင်းက ၂၀၁၄ သန်းခေါင်စာရင်းအပေါ် အခြေခံပြီး ပြုစုခဲ့ရတာ မဟုတ်လား။ ဒါတောင် ၂၀၁၅ မဲစာရင်းမှာ ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်လို့ ပြောခဲ့တာကို ပြည်သူအားလုံး အသိပဲမို့လား။ လူဦးရေနဲ့ပတ်သက်တဲ့ စာရင်းတွေဟာ ရာနှုန်းပြည့် မမှန်နိုင်ဘူး။ အနီးစပ်ဆုံးပဲ ရနိုင်တယ်ဆိုတာ အားလုံး နားလည်ကြတယ်။ ဒါပေမဲ့ မဲစာရင်းပြုစုရာမှာတော့ အတတ်နိုင်ဆုံး အဂတိကင်းကင်းနဲ့ မှန်ကန်အောင်ပြုစုကြရတာ။ အဲဒီလို ပြုစုရာမှာလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး  ဌာနက ပြုစုထားတဲ့ လူဦးစာရင်းအပေါ်မှာပဲ အခြေခံပြုစုကြရတာကိုး။ ကြုံလို့ပြောရဦးမယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစာရင်းလည်း ထွက်လာရော၊ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခြင်း ၁၀/၂၀၀၈ ကြေညာချက်ဟာ အလွဲကြီး လွဲခဲ့တော့တာပေါ့။ အဲဒီကြေညာချက်မှာ မြန်မာပြည်တဝန်းလုံးရှိ လူဦးရေစာရင်းကို ဖော်ပြတော့ ‘၅၇,၅၀၄,၃၆၈’ လို့ ဆိုတယ်။ ၂၀၁၄ အရ လူဦးရေက ၅၁,၄၁၉,၄၂၀ ပဲ ရှိတယ်။ လူဦးရေ ၆ သန်းကျော်လောက် ပိုနေတော့တာပေါ့။ အဲဒီလို စာရင်းမှားကြီးနဲ့ အတည်ပြုထားတော့ ကာကွယ်စောင့်ရှောက်ကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအတွက်တော့ ထောက်ပြစရာ ဖြစ်လာတော့တာပဲ။ အမှားကြီးကို ဆက်စောင့်ရှောက်ရာမကျအောင် ပြည်လုံးကျွတ်ခံယူပွဲ ထပ်ကျင်းပပြီး စောင့်ရှောက်လိုသူတို့ သိက္ခာပြန်ဆယ်မယ်ဆိုရင်တော့ ပိုပြီးတင့်တင့်တယ်တယ် ဖြစ်တာပေါ့။ သမိုင်းမှာ မဆီလျော်မှုတခုအဖြစ် ကျန်ခဲ့တော့မှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်း အမှားအထပ်တွေ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်မှာ ၂၇ သန်းကျော် မဲလာပေးတာကြောင့် ၇၀ ရာခိုင်နှုန်း မဲပေးသူရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကိုတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မဲစာရင်း မှန်ခြင်း/မှားခြင်း ပြဿနာရပ်တွေကတော့ မပြီးဆုံးနိုင်သေးဘဲ ရှိနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ပြုစုတဲ့ မဲစာရင်းဟာ လ.ဝ.က လို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့ရဲ့ လူဦးရေစာရင်းအပေါ် အခြေပြုထားတာကြောင့် လ.ဝ.က မှားရင် သူတို့လည်း မှားနိုင်တာပါပဲ။ တကယ်တမ်း ပြောကြစို့ဆိုရင် မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့တာ ကြာပြီ။ ၁၉၈၃ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အထိ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်မှ သန်းခေါင်စာရင်း ပြန်ကောက်နိုင်ခဲ့တာ။ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အတွေ့အကြုံရှိတဲ့ လုပ်ငန်းကျွမ်းကျင်သူတွေ အကြောင်းအမျိုးမျိုးနဲ့ ဘယ်လောက်ထိ ဆုံးရှုံးခဲ့မလဲ မပြောနိုင်ပေဘူးပေါ့။ အရင်ခေတ်တွေက ၁၀ နှစ် တကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့တာ။ တကယ်တော့ နိုင်ငံအုပ်ချုပ်ရေးမှာ သန်းခေါင်စာရင်းကောက်ယူခြင်းဟာ အရေးကြီးပြီး အခြေခံအကျဆုံးသော အချက်တခုလည်း ဖြစ်နေပါတယ်။ သန်းခေါင်စာရင်းကရတဲ့ အချက်လက်တွေ လူဦးရေတွေအပေါ် မူတည်ပြီး ပြည်သူ့ကိုယ်စားလှယ်အရေအတွက်ကို ချမှတ်ရသလို ဆန္ဒမဲပေးရမယ့် လူဦးရေစာရင်းကိုလည်း ပြုစုရပါတယ်။ ဒါ့အပြင် သန်းခေါင်စာရင်း ကောက်ယူခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ‘ထိရောက်တဲ့ စီမံကိန်းတရပ် ရေးဆွဲခြင်းနဲ့ ရတဲ့အထောက်အထားအပေါ် မူတည်ပြီး ဆုံးဖြတ်တာ၊ ပြုပြင်ပြောင်းလဲတာတွေ လုပ်ရာမှာ အချက်အလက်များနဲ့ ပံ့ပိုးပေးနိုင်ဖို့ပါပဲ’။ အဲဒီလို ပံ့ပိုးပေးရာမှာ သန်းခေါင်စာရင်းက ကောက်ယူရရှိထားတဲ့ Demography စာရင်းတွေပေါ် မူတည်ပြီး စီမံကိန်းတွေ၊ မူတွေ၊ ရသုံးခန့်မှန်းခြေငွေစာရင်းတွေ၊ ဘတ်ဂျက်တွေ ချမှတ်ကြရပါတယ်။ ဒါကြောင့် သန်းခေါင်စာရင်း ကောက်ယူခြင်းဟာ နိုင်ငံအုပ်ချုပ်ရေးမှာ အခြေခံအကျဆုံး လုပ်ဆောင်မှု ဖြစ်နေတာပေါ့။ သန်းခေါင်စာရင်းကပေးတဲ့ အချက်အလက် အထောက်အပံ့ အားနည်းရင် မဲစာရင်းလည်းမှားနိုင်သလို စီမံကိန်းတွေ သယံဇာတခွဲဝေမှုတွေနဲ့အတူ အနာဂတ် စီမံကိန်းတွေ ချမှတ်ရာမှာလည်း ချွတ်ချော်သွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံ စီးပွားရေး တိုးတက်မှု တုံ့ဆိုင်းနေခြင်းနဲ့ စီမံကိန်းတွေ လွဲချော်ပြီး မအောင်မမြင်ဖြစ်နေခြင်းမှာလည်း သန်းခေါင်စာရင်းရဲ့ အားနည်းမှုတွေကြောင့်ဆိုတာ တချက် ပါဝင်နေတတ်တယ်။   လာမယ့် ၂၀၂၄ ခုနှစ်ဆိုရင် သန်းခေါင်စာရင်း ကောက်ခဲ့တာ ၁၀ နှစ်ပြည့်ပါတော့မယ်။ နောက်တကြိမ်ထပ်ပြီး သန်းခေါင်စာရင်း ကောက်ကြရတော့မှာပါ။ ဒီအတွက်လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါမယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းဟာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း)ကို အခြေခံသလို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကောက်ခံထားတဲ့ လက်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာတွေ အသီးသီးမှာ နေထိုင်နေတဲ့  လူဦးရေ စာရင်းကို လည်း အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် လူဦးရေစာရင်းမှန်ကန်မှသာ မဲစာရင်း မှန်ကန်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုရှိတဲ့ သန်းခေါင်စာရင်းက တစ်နေရာ၊ လက်ရှိ နေထိုင်တာက တစ်နေရာ ၊ ထပ်မံ ပြောင်းရွေ့ နေထိုင်တာက တစ်နေရာဆိုရင် မဲစာရင်းတွေက ထပ်နေမှာပဲဖြစ်ပါတယ်။ မဲစာရင်းမမှန်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ရပ်ကွက်/ကျေးရွာ တွေရှိ အိမ်ထောင်စုတချို့မှာ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ မရှိတာ၊ အိမ်ထောင်စု စာရင်းပုံစံ    ၆၆/၆  ရှိပေမဲ့ အမှန်တကယ် နေထိုင်ခြင်းမရှိတာ၊ နေရာဒေသတစ်ခုမှာ အတည်တကျနေထိုင်ခြင်းမရှိဘဲ ရွှေ့ပြောင်းသွားလာနေတာ၊ အသက် ၁၈ နှစ်ပြည့်သူတချို့မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိကြတာတွေပါဝင်ပြီး  မဲစာရင်းပြုစုတဲ့ ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့    အားနည်းချက်နဲ့ ကွန်ပြူတာ စာရိုက်သူတွေ အချက်အလက်မှားယွင်းထည့်သွင်းတာတွေက လည်း ရှိနိုင်ပါတယ်။ နောင်မှာ မဲစာရင်းမှန်ကန်စေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ အိမ်ထောင်စုတိုင်း အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ ရှိရန်၊  အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်းမှတ်ပုံတင်စာအုပ်ထားရှိရန်၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲစာရင်းမှာ လာရောက် ထည့်သွင်း မှတ်ပုံတင်ကြရန်၊ တစ်နေရာမှ တစ်နေရာသို့ အမြဲပြောင်းရွှေ့ နေထိုင်မည်ဆိုပါက     မဲစာရင်းမှတ်ပုံတင်မှ နုတ်ပယ်ပြီး ရောက်ရှိနေထိုင်တဲ့ မြိုနယ် ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲရဲ့ မဲစာရင်း မှတ်ပုံတင်စာအုပ်မှာ ဖြည့်သွင်းရန်အကြံပြုထားပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်ပြည့်ပြီးလို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ကတ်ပြား      (သို့မဟုတ်) မဲဆန္ဒရှင် သက်သေခံကတ်ပြားကို  သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ထုတ်ပေးရန်၊ မဲစာရင်းကောက်ခံသူစာရေးတစ်ဦး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတိုင်းမှာ ခန့်ထားရန်၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးအတည်ပြုကြေညာရန်လည်း အကြံပြုထားပါတယ်။ တဆက်တည်းမှာဘဲ ၂၀၂၀ ရွေးကောက်ပွဲ အလွန်တက်လာမယ့် အန်အယ်လ်ဒီ အစိုးရအဖွဲ့သစ်အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ ခေတ်မမီတော့တဲ့  နိုင်ငံသားစိစစ်ရေး စက္ကူကတ်ပြားအစား နိုင်ငံတကာအဆင့်မီ Smart Card နဲ့ ပြောင်းလဲကာ e-ID စနစ် အမြန်ဆုံး ကျင့်သုံး အကောင်အထည်ဖော်ဖို့လည်း လိုအပ်နေပြီလို့လည်း တိုက်တွန်းလိုပါတယ်။   e-ID စနစ် ကျင့်သုံးနိုင်ပါက မဲစာရင်းပြုစုတာနဲ့  ဆန္ဒမဲပေးတဲ့ လုပ်ငန်းစဉ်တွေမှာ များစွာ မှန်ကန် အဆင်ပြေ လွယ်ကူ အထောက်အကူဖြစ်စေနိုင်မှာ အသေအချာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နောင်ရွေးကောက်ပွဲတွေ မကျင်းပခင် မဲစာရင်းတွေကြေညာချိန်မှာ  မဲစာရင်း စိစစ်တဲ့ အတွေ့ အကြုံရှိတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ကြိုတင်စစ်ဆေးခိုင်းတာတွေလည်း လုပ်မယ်ဆိုရင် လုပ်နိုင်ပါသေးတယ်။ ဒါမှသာ  အခုလိုမျိုး ရွေးကောက်ပွဲ ပြီးကာမှ မဲစာရင်းပြန်စစ်နေရတဲ့ အဖြစ်မျိုးတွေ မကြုံတွေ့နိုင်တော့မှာပါ။  အသစ်ဖွဲ့စည်းမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေ ချို့ယွင်းချက်တွေကို သင်ခန်းစာယူပြီး မဲစာရင်းတွေကို ကြိုတင်ပြင်ဆင် ကောက်ယူသွားမယ်ဆိုရင် နောင်လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ အလားတူ မဲစာရင်း မှားယွင်းချွတ်ချော်မှုတွေကို လျော့ပါးသွားစေနိုင်ကြောင်း ကြိုတင်အသိပေး တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး

A d v e r t i s e m e n t With Us

More News
Up