စိန်ဂေဟာအထည်ချုပ်လုပ်သား ၆၀၀ ကျော် ဆန္ဒပြ (ဓာတ်ပုံသတင်း)
DVB
·
September 10, 2013
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က စိန်ကမ္ဘာ အထည်ချုပ်စက်ရုံ အလုပ်သမားအင်အား ၆၀၀ လောက်ဟာ အလုပ်ရှင်နဲ့ စာချုပ်ပါအချက်အလက်တွေကို သဘောတူညီမှုမရှိလို့ စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ၄ ကြိမ်မြောက် ဆန္ဒ ဖော်ထုတ်နေကြပါတယ်။
ဒီဆန္ဒပြပွဲမှာ တဖက်သတ်စာချုပ်ချုပ်ဆိုတာကိုရပ်ဖို့၊ စက်ရုံထဲမှာ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းတာကို ဟန့်တားခြိမ်းခြောက်တာ မလုပ်ဖို့၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို မဖောက်ဖျက်ဖို့၊ ဌာန တိုင်းမှာ အလုပ်သမားအင်အား လုံလောက်စွာထားရှိပေးဖိုနဲ့ လုပ်သက် ၃ လပြည့်ပြီး လုပ်ငန်းကျွမ်းကျင်တဲ့ အလုပ်သမားတွေကို လစာတိုးပေးဖို့၊ ဝန်ထမ်းဆန္ဒမပါပဲ အလုပ်ဌာန အဆောင်တွေ ပြောင်းမပေးဖို့နဲ့ ဝန်ထမ်းတိုင်းကို လစာ ၂ သောင်းစီတိုးပေးဖို့ စတဲ့အချက်တွေကိုအလုပ်သမားတွေက တောင်းဆိုထားပါတယ်။
စိန်ကမ္ဘာ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့နဲ့ ညှိနှိုင်းမှုတွေ မကြာခဏပြုလုပ်ရပြီး အလုပ်ရှင်ဘက်က သဘောတူညီချက်တွေ ချိုးဖောက်တဲ့အတွက် အခု ၄ ကြိမ်မြောက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။ ဒီတခါမှာတော့ အလုပ်ရှင်ဘက်က ညှိနှိုင်းဆောင်ရွက်ဖို့ ရှေ့နေတယောက် စေလွှတ်ခဲ့ပေမယ့် ကိုယ်စားလှယ်လွှဲစာ ပါမလာတဲ့အတွက် အလုပ်သမားတွေက ညှိနှိုင်းမှု မလုပ်နိုင်ကြောင်း အကြောင်း ပြန်ကြားထားပါတယ်။
သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/MDY Protest 10092013/]