စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA က တစ်လကျော်ကြာ ဆက်လက်ဖမ်းဆီးထား
DVB
·
January 8, 2021
မန္တလေးတိုင်း၊ မိုးကုတ်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက TNLA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးပါဘူး။
ဖမ်းဆီးခံရတာ တစ်လကျော်ပြီဖြစ်ပြီး TNLA ဘက်ကတော့ ဦးကျော်ဝင်းအတွက် စိတ်ပူစရာ မလိုဘူးလို့ ထုတ်ပြန်ထားတယ်လို့ ဒုတိုင်းမှူး ဦးဝင်းမြတ်က ပြောပါတယ်။
“သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုတော့ အကြောင်းကြား ဆက်သွယ်လာခြင်း မရှိသေးပေမယ့် ဦးကျော်ဝင်းအတွက် စိတ်ပူစရာမရှိဘူးလို့ပဲ TNLAဘက်က ပြောဆိုထားတာရှိပါတယ်”။
မိုးကုတ်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆက်ကြေးတောင်းတာတွေ၊ ဖမ်းဆီးပြီး ရိုက်နှက်တာတွေ အပြင် ပြန်ပေးဆွဲတာတွေနဲ့ ဒေသခံတွေအနေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကိုတော့ ဒီဇင်ဘာ ၄ ရက်နေ့က အောင်ချမ်းသာစျေးအနီးက ဗိုလ်အောင်ကျော်လမ်းမှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်ဆက်ကြေးတောင်းတာတွေ ရပ်တန့်ပေးဖို့ မြို့မိမြို့ဖတွေက စာထုတ်တောင်းဆိုတာ မျိုးတွေရှိခဲ့သလို မိုးကုတ်မြို့ လုံခြုံရေးအထောက်အကူပြုအဖွဲ့ကနေ လည်း ကန့်ကွက်ခဲ့ပါတယ်။
အခုလက်ရှိ အချိန်မှာတော့ မိုးကုတ်ဒေသမှာ နယ်မြေလုံခြုံရေးအတွက် တပ်မတော်က စစ်ဆင်ရေး ဆောင်ရွက်နေကြတဲ့အတွက် လက်နက်ကိုင်ဆက်ကြေးတောင်းတာ၊ ပြန်ပေးဆွဲတာတွေမရှိတော့ဘဲ ဒေသခံတွေ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြပါတယ်။
သတင်း - ဟန်နာထက်အောင်