ကုလအကူအညီများ​ ကချင်ဒုက္ခသည်များ​ကို ​ပေး​အပ်

ကချင်ပြည်နယ် လိုင်ဇာမြို့​အနီး​မှာရှိတဲ့​ ဒုက္ခသည်စခန်း​တွေဆီကို ကုလသမဂ္ဂက လူသား​ချင်း​စာနာမှု အကူအညီ​တွေ တင်​ဆောင်ထား​တဲ့​ ယာဉ်တန်း​တွေ ၁ နှစ်ခွဲကာလအတွင်း​ ပထမဆုံး​အကြိမ် သွား​ရောက် ​ပေး​ပို့​ခဲ့​ပါတယ်။ အကူအညီပစ္စည်း​တွေ ဩဂုတ် ၇ ရက်​နေ့​က စတင်​ရောက်ရှိ​နေတာဖြစ်ပြီး​ လိုင်ဇာအနီး​က လွယ်ဂျယ်ဒုက္ခသည်စခန်း​က ဒုက္ခသည်​တွေအတွက် ရိက္ခာ ပစ္စည်း​တွေ ဖြန့်​ဝေ​ပေး​နေပြီဖြစ်တဲ့​အ​ကြောင်း​ ကချင်လွတ်လပ်​ရေး​အဖွဲ့​အစည်း​(​ကေအိုင်အို)ရဲ့​ ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​ကော်မတီက ဒွဲပီဆာက ​ပြောပါတယ်။ ကုလသမဂ္ဂရဲ့​ ​ထောက်ပံ့​ရေး​ပစ္စည်း​တွေဟာ ကုန်တင်ကား​ ၁၀ စီး​ကျော်နဲ့​ တင်​ဆောင်လာတာဖြစ်ပြီး​ ကျန်တဲ့​ဒုက္ခသည်စခန်း​တွေကို​တော့​ ​နောက်အ​ခေါက်​တွေမှ ဖြန့်​ဝေ သွား​မယ်လို့​ ဆိုပါတယ်။ အရင် ၂၀၁၁ ဒီဇင်ဘာလက ​ထောက်ပံ့​စဉ်က​တော့​ ဒုက္ခသည်အိမ်​ထောင်စု ၈၀၀ ​ကျော်ပဲ ဖြန့်​ဝေဖို့​ ကုလသမဂ္ဂက ​ပြောဆိုခဲ့​ပေမယ့်​ အကူအညီရသူ​တွေနဲ့​ မရသူ​တွေအကြား​ ပြဿနာ ဖြစ်လာနိုင်တဲ့​အတွက် ​ကေအိုင်အိုရဲ့​ ကယ်ဆယ်​ရေး​ကော်မတီက မျှ​ဝေဖြန့်​ဝေခဲ့​ရတာ​တွေ ရှိခဲ့​ရတဲ့​ အ​ကြောင်း​လည်း​ ဒွဲပီဆာက ရှင်း​ပြပါတယ်။ လိုင်ဇာအနီး​မှာ ဒုက္ခသည် ၂ ​သောင်း​ကျော်ရှိပြီး​ နယ်စပ်တ​လျှောက်မှာ​တော့​ ဒုက္ခသည် စခန်း​ ၃၀ ​လောက်ရှိ​နေတာ ဖြစ်ပါတယ်။ ကချင်လွတ်လပ်​ရေး​တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ​ကြောင့်​ ​သောင်း​နဲ့​ ချီတဲ့​ ဒုက္ခသည်​တွေဟာ စခန်း​တွေမှာ ခိုလှုံ​နေတာဟာ ၂ နှစ်​ကျော် ကြာမြင့်​နေပြီဖြစ်ပြီး​ ကချင်ဒုက္ခသည်ဦး​ရေဟာ ၈ ​သောင်း​ကျော် ​လောက်ရှိတယ်လို့​ ကချင်ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​ကော်မတီက ​ပြောပါတယ်။

More News
Up