တန့်ဆည်နှင့် ကန့်ဘလူကို ချိတ်ဆက်ပေးမည့် မူးမြစ်ကူးတံတား ကိုယ်ထူကိုယ်ထ ဆောက်မည်
DVB
·
January 7, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကို ချိတ်ဆက်ပေးမယ့် ပေ ၁၅၀၀ အရှည်ရှိ သံကူကွန်ကရစ် မူးမြစ်ကူးတံတားကို ပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့ ကိုယ်ထူကိုယ်ထ တည်ဆောက်သွားမယ်လို့ သိရပါတယ်။
တံတားကို တန့်ဆည်မြို့နယ် ကျွန်းလည်ကျေးရွာနဲ့ ကန့်ဘလူမြို့နယ် မိုးကောင်းကျေးရွာ အကြား တည်ဆောက်သွားမှာဖြစ်ပြီး တံတားပြီးစီးသွားရင်တော့ တန့်ဆည်မြို့နယ်နဲ့ ကန့်ဘလူ မြို့နယ်ကြား ကူးသန်းသွားလာမှုကြာမြင့်ချိန်ဟာ လက်ရှိထက် ထက်ဝက်ကျော်မက ခရီးတိုတောင်း သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တံတားတည်ဆောက်ရေးဦးဆောင်နေတဲ့ ရွှေပြည်ဟိန်းဆရာတော် အရှင်ခေမာသီရိ အလင်္ကာရက "လက်ရှိမှာ တန်ဆည်မြို့နယ်ကနေ ကန့်ဘလူမြို့နယ်အထိ ကာဘိုးတံတားကနေ ပတ်လာရင် ၃ နာရီလောက်ကြာမယ်။ ဒီတံတားပြီးသွားရင်တော့ ၁ နာရီလောက်ပဲ ကြာတော့မယ်။ လတ်တလော ဖြတ်လို့ရအောင်တော့ ယာယီတံတားလေး လုပ်ပေးထားတယ်။ အရှေ့ဘက်ခြမ်း မှာက ကွန်ကရစ်လမ်းတွေ၊ ကားလမ်းတွေက အဆင်သင့်ရှိပြီးသားဆိုတော့ ဒီတံတားပြီးသွားရင် တန့်ဆည်ဘက်ကနေ ဟိုဘက်မြစ်ကြီးနားထိ သွားချင်ရင်တောင် အလွယ်ကူဆုံးနဲ့အတိုဆုံး ခရီးဖြစ်သွားမယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသဖြင့် အတော်လေးအဆင်ပြေသွားမှာ ဖြစ်ပါတယ်" လို့ မိန့်ပါတယ်။
တံတားဆောက်လုပ်ဖို့ ဇန်နဝါရီလ ၄ ရက်နေ့က ပန္နက်ရိုက်ခဲ့ပြီး ချည်းကပ်လမ်းအပါဝင် တံတားအရှည်ပေ ၁၅၀၀၊ မြစ်အလယ်ပင်မ တံတားတိုင် ၁၂ တိုင်ခန့်၊ တံတားခံနိုင်ရည်ဝန်အား တန် ၃၀၀ ရှိတဲ့ သံကူကွန်ကရစ်တံတားဖြစ်တယ်လို့ သိရပါတယ်။
တံတားတည်ဆောက်ရေးအတွက် ကုန်ကျငွေဟာ အနည်းဆုံး သိန်း ၆၀၀၀ လောက် ခန့်မှန်းထားပြီး ရွှေပြည်ဟိန်းဆရာတော်က ကျပ် သိန်း ၁၀၀၀ မတည်ထားကာ လက်ရှိအချိန်မှာ ပြည်သူများလှူဒါန်းငွေ သိန်း ၈၀၀ သာရရှိသေးတဲ့အတွက် လိုအပ်နေသေးတယ်လို့ သိရပါတယ်။
တံတားတည်ဆောက်ရေးမှာ ကိုဗစ်ကာလဖြစ်ပေမယ့် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနဲ့ အညီ လူစုလူဝေးမဖြစ်ပေါ်စေပဲ ၂၀၂၁ ခုနှစ် အကုန်လောက်မှာ ပြီးစီးအောင် ဆောက်လုပ်ဖို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
ရန်နိုင်စိုး