A d v e r t i s e m e n t With Us

ကျောင်းများပြန်ဖွင့်လှစ်နိုင်ရေး အထက်တန်းကျောင်း ၇,၀၀၀ ကျော်ကို စတင်စစ်ဆေး

ကိုဗစ်ဒုတိယလှိုင်း အ‌နည်းငယ် လျော့ကျလာချိန် အခြေခံပညာဦးစီးဌာနက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်တဲ့ ကျန်းမာရေး စည်းကမ်းချက်တွေနဲ့ ညီမညီ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ စာသင်နှစ်တစ်နှစ်နီးပါး ရပ်နားထားရတဲ့  အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုချက်ရတာနဲ့ တပြိုင်နက် အဆင်သင့် ဖွင့်လှစ်နိုင်ဖို့သာမက  ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် အထက်တန်းကျောင်း ၇၀၀၀ ကျော်ကို ဇန်နဝါရီလ ပထမပတ်ကတည်းက စစ်ဆေးပြင်ဆင်နေတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ စုံစမ်းသိရပါတယ်။ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “ကျောင်းသားတွေ လုံခြုံစိတ်ချစွာနဲ့ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေကို ကျန်းမာ‌ရေးဌာနက ညွှန်ကြားထားတဲ့ ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်နေတယ်။ တစ်ဆင့်ခြင်း သွားရမှာဖြစ်လို့ ဘယ်အချိန် ဖွင့်မလဲဆိုတာ အတိအကျမပြောနိုင်သေးဘူး” လို့   ပြောပါတယ်။ ပြန်လည်ဖွင့်လှစ်ဖို့  ပြင်ဆင်နေတဲ့ အခြေခံပညာကျောင်းတွေကိုလည်း ပြီးခဲ့တဲ့နှစ်  ဇူလိုင်လနောက်ဆုံးပတ်က စမ်းသပ်ဖွင့်လှစ်ခဲ့တဲ့ နည်းလမ်းအတိုင်း အထက်တန်းကျောင်းတွေကို အရင်ဖွင့်လှစ်ပြီးမှ အလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့် စာသင်ကျောင်းတွေ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ တောင်ငူခရိုင် မြို့နယ်တစ်ခုမှ အထက်တန်း ကျောင်းအုပ် ဆရာမကြီးတစ်ဦးက  “ညွှန်ကြားချက်တွေကတော့ ကျမတို့ဆီ ရောက် မလာသေးဘူး။ ဒါပေမဲ့ ပြင်ဆင်စရာဆိုလို့ သန့်ရှင်းရေးပြန်ပြီး လုပ်ရုံလောက်ပါပဲ။ ပထမအကြိမ်ကတည်းက စည်းကမ်းချက် ၈၀ နဲ့ စံမီပြင်ဆင်ထားတာဖြစ်လို့ သိပ်တော့မပူပါဘူး”လို့ ပြောပါတယ်။ ကိုဗစ်ဒုတိယလှိုင်း ပြည်တွင်း ပြန်မစမီ၂၀၂၀ ဇူလိုင်လလောက်က ကျန်းမာရေးဦးစီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ‌တဲ့ အ‌ခြေခံပညာအထက်တန်းကျောင်း ၆၅၀၀ ကျော်ကိုတစ်လ နီးပါး ဖွင့်လှစ်ခဲ့‌ပေမယ့်လည်း ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အတွက် ဩဂုတ် ၂၈ ရက်နေ့မှာ ပြန်လည်ပိတ်သိမ်းခဲ့ရပါတယ်။ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရန်ကိစ္စဟာ ပြည်သူတွေရဲ့ ကိုဗစ်စည်းကမ်းချက်တွေ အပေါ်လိုက်နာမှု ရှိမရှိ အချက်ပေါ် မူတည်နေပြီး လက်တလောရောဂါကူးစက်သူ ရေလျော့နည်းကျဆင်းနေပေမဲ့ ပြည်သူတွေအကြား တိတ်တဆိတ်ကူးစက်မှု ရှိနေနိုင်တာကြောင့် ပေါ့ဆလို့ မရသေးကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ၂၉ ရက်က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောပါတယ်။ မြန်မာနိုင်ငံ တဝန်း အခြေခံပညာဦးစီးဌာနလက်အောက်မှာ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေ အပါအဝင် စာသင်ကျောင်းပေါင်း ၅၂,၅၀၉ ကျောင်းရှိတယ်လို့  ပညာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ သတင်း- ရဲထွဋ်

A d v e r t i s e m e n t With Us

More News
Up