ထိုင်းနိုင်ငံတွင် ဘိလိယက်ထိုးသည့် မြန်မာ ၈ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
January 7, 2021
ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုန်ခရိုင်မှာ ဘိလိယက်ထိုး ကစားနေတဲ့ မြန်မာ အလုပ်သမား ၈ ယောက် ဖမ်းဆီးခံရတယ်လို့ ခရိုင်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ Npt-isoc လူမှုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။
နခွန်းပထုန်ခရိုင်၊ ဘန်လဲန်မြို့နယ်၊ ဘန်ပလာရပ်ကွက် နယ်မြေ ၁၃ ရှိ အိမ်တစ်အိမ်မှာ လူစုလူဝေးဝိုင်းဖွဲ့ကစားနေကြောင်း ဒေသခံတွေက အကြောင်းကြားတဲ့အတွက် ခရိုင်အမျိုးသား လုံခြုံရေးတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေဟာ အဲဒီနေရာကို မနေ့ မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဆိုပါနေရာမှာ စနူကာ ဘိလိယက်ထိုးနေတဲ့ မြန်မာအလုပ်သမား ၈ ဦး ( အမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၁ ဦး ) တို့ကို တွေ့ရှိလို့ ကိုဗစ်-၁၉ ကာလ အရေးပေါ်ဥပဒေချိုးဖောက်မှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မှု ဒုတိယလှိုင်းကျရောက်လာတဲ့နောက် ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာခရိုင်ဝန်တွေက အရေးပေါ်အမိန့်တွေထုတ်ထားရာမှာ နခွန်း ပထုန်ခရိုင်ထဲမှာလည်း လောင်းကစားရုံ ၊ အားကစားရုံတွေ ယာယီပိတ်သိမ်းကြောင်း ဒီလ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကိုးကား - Npt-isoc