လွိုင်ကော်မြို့နယ်က လီဆူးကျေးရွာကို ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ လီဆူးတိုင်းရင်းသားတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာကို ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) အဖြစ် ဖော်ဆောင်သွားမယ်လို့ ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောပါတယ်။  အိုင်စန့်ကျေးရွာဟာ လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာအုပ်စုထဲမှာ တည်ရှိပြီး အိမ်ခြေ ၃၄ အိမ်နဲ့ လူဦးရေ ၁၀၀ ကျော်နေထိုင်တဲ့ လီဆူးတိုင်းရင်းသားကျေးရွာဖြစ်ပါတယ်။  ဇန်နဝါရီ ၂ ရက်နေ့က ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်တွေနဲ့ လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီတို့ပူးပေါင်းပြီး သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါတယ်။  “ကျနော်တို့ ကယားပြည်နယ်မှာ လေ့လာတဲ့အခါကျတော့ တမူထူးခြားတာပေါ့နော်။ အခု လီဆူးတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာပေါ့နော်။ ဒါလေးကလည်း ဒို့တိုင်းရင်းသားတွေ ရိုးရာ မပျက်နေတယ်လို့ ကျနော်တို့ သိရတဲ့အတွက်ကြောင့် ကွင်းဆင်းလေ့လာခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတေ့ CBT ဆိုတာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းအားဖြင့် ဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာလူထုတွေရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်လာမှာပေါ့နော်။ ” ဒါ့အပြင် ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။  ကယားပြည်နယ်မှာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်ထားတဲ့ ကျေးရွာ ၄ ရွာရှိပါတယ်။ အဲဒီကျေးရွာတွေကတော့ ကယန်းတိုင်းရင်းသားတွေနေထိုင်တဲ့ ပန်ပက်ကျေးရွာ၊ ကယားတိုင်းရင်းသားတွေနေထိုင်တဲ့ ဒေါသမကြီး နဲ့ တနီလာလဲကျေးရွာ၊ ကယောတိုင်းရင်းသားတွေနေထိုင်တဲ့ ထေခိုကျေးရွာတွေကို ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်ထားပြီးဖြစ်ပါတယ်။  အခု လီဆူးတိုင်းရင်းသားတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာကိုလည်း ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း (CBT)ဖော်ဆောင်ဖို့ ကွင်းဆင်းနေတာဖြစ်ပါတယ်။  “ဒီအိုင်စန့်ရွာဆိုရင် ကျနော်တို့ သိသလောက်က  ၂၀၁၆-၁၇ လောက်ကတည်းက ဧည့်လမ်းညွန်တွေက လာပြီးပို့နေတယ်ပေါ့နော်။ ဒါပေမယ့် တရားဝင်မဖြစ်သေးဘူး။ ကျနော်တို့ ဝန်ကြီးဌာနရဲ့အသိအမှတ်ပြုတာ မရှိသေးဘူးပေါ့နော်။ အခုကျနော်တို့ ကိုယ်တိုင်လာပြီး ကွင်းဆင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကယားလူမျိုးမဟုတ်ဘူး။ လီဆူးလူမျိုးဖြစ်တယ်။ ဒါပေမယ့် ကိုယ့်ကယားပြည်နယ်မှာနေတဲ့ တိုင်းရင်းသားပါပဲ။ အဲဒါကြောင့် ကျနော်တို့ဝန်ကြီးဌာန အသိအမှတ်ပြုတဲ့ CBT၊ CBT ဆိုတာလည်း အစိုးရဌာနက အသိအမှတ်ပြုမှ လုပ်လို့ရတယ်လေ။ ဒါကြောင့်မို့ ကျနော်တို့ ဝန်ကြီးဌာနကနေ ကွင်းဆင်းတယ်။ ကွင်းဆင်းပြီးရင် ဆက်လက်ဆောင်ရွက်ပေးရမယ်”  လို့ ဦးလင်းဇော်ထွဋ်က ပြောပါတယ်။  အိုင်စန့်ကျေးရွာနေတဲ့ လီဆူးတိုင်းရင်းသူ နူးအားမေကတော့ ရွာကို ခရီးသွား လုပ်ငန်းဖော်ဆောင်မယ်ဆိုရင် ကျေးရွာလူထုတွေ ဝင်ငွေရလာမှာဖြစ်သလို ရိုးရာပြသခွင့်ရမှာ ဖြစ်တာကြောင့် ကောင်းတယ်လို့ မြင်ကြောင်း ပြောပါတယ်။  “ဘယ်လိုသဘောထားလဲဆိုတော့ ကောင်းတာပေါ့။ ကိုယ့်ရဲ့ရိုးရာတွေ၊ ကိုယ့်ရဲဓလေ့တွေကို ပြသခွင့်ရတယ်ဆိုတာ အကောင်းတကာအကောင်းဆုံးပေါ့။ ” ကယားပြည်နယ်အတွင်းမှာ လီဆူးလူမျိုးနေထိုင်တဲ့ ကျေးရွာ ၃ ရွာရှိပြီး လူဦးရေ ၄၈၀ လောက်ရှိတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့နယ်ရှိအိုင်စန့်ကျေးရွာကို CBT ဖော်ဆောင်ဖို့ လုပ်ဆောင်နေသလို ရှားတောမြို့နယ်က ရိုးရာအရနေထိုင်တဲ့ ကယားလူမျိုးရွာနဲ့ ဘောလခဲမြို့နယ် ရွာသစ်မှာလည်း ရှမ်းရွာဖော်ထုတ်ပြီး CBT လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ဦးလင်းဇော်ထွဋ်က ပြောပါတယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up