DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ NLD ဖွဲ့စည်း
DVB
·
September 6, 2013
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ NLD ဖွဲ့စည်း
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ပါတီဌာနချုပ်မှာ စက်တင်ဘာလ ၆ ရက်နေ့က ဗဟိုအလုပ်အမှုဆောင်ပုံမှန် အစည်းအဝေးမှာ ပါတီဝင် ခုနှစ်ဦးပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေ အထောက်အကူပြုအဖွဲ့တွေနဲ့ ပူးပေါင် ဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦှးဥာဏ်ဝင်းက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပွဲအပြီးမှာ ပြောပါတယ်။

ပြည်တွင်းပြည်ပက တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်နေချိန်မှာ အန်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်ဆင်ဖို့ ခုလို ခြေလှမ်းစတင်လိုက်တာလည်း ဖြစ်ပါတယ်။ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကကတော့ တိုင်းရင်းသားတွေရေးဆွဲမယ့် ဖက်ဒရယ်ဖွဲစည်းပုံကိုလည်း လေ့လာသွားမှာဖြစ်တဲ့အကြောင်း အန်အယ်လ်ဒီအနေနဲ့ကတော့ ပြင်ဆင်ချင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံသွားဖို့ရှိနေတယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဥပဒေရေးရာကျွမ်းကျင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီတို့ နဲ့ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်က နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်တစိုက်ပါရှိနေတာ လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် လေးပုံတပုံကို လူထု ရွေးကောက်တင်မြှောက်စရာမလိုဘဲ ခန့်ထားဖို့ဆိုတဲ့ ဒီမိုကရေစီ မဆန်တဲ့ အချက်တွေ ပါရှိနေပြီး ပြင်ဆင်ရန် ခက်ခဲတယ်ဆိုပြီး အများက ထောက်ပြဝေဖန်နေကြတာပါ။

အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ဆန်းမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရည်ရွယ်ချက် ၃ ရပ်ကို ကြွေးကြော်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီတရပ်ကို အဖွဲ့ဝင် တရာကျော်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းပေးထားပါတယ်။ ဒီကော်မတီအနေနဲ့ လေ့လာ သုံးသပ်တွေ့ရှိချက်တွေကို ၂၀၁၃ ခုနှစ် မကုန်ခင် ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013