ကိုဗစ်ရောဂါအား ရှေ့တန်းက ကူညီနေသူများကို မိုင် ၁၂၀၀ တကိုယ်တော် လမ်းလျှောက်ဂုဏ်ပြု
DVB
·
January 4, 2021
ကိုဗစ်-၁၉ ရောဂါအတွက် ရှေ့တန်းက ကူညီနေကြသူများကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နေ့က မိုင်ပေါင်း ၁၂၀၀ ခရီးကို တကိုယ်တော်လမ်းလျှောက်ခဲ့တယ်လို့ သိရပါတယ်။
တကိုယ်တော်လမ်းလျောက်သူ ကိုစနေ(ခ) ကိုကျော်ကျော်ဝင်းက "အခုလမ်းလျှောက်မယ့် ခရီးစဉ်ဟာ မိုင်ပေါင်း ၁၂၀၀ လောက်ရှိမယ်။ ခန့်မှန်းတယ် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ဖို့ ရှေ့တန်းက လုပ်ဆောင်နေကြတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ ပရဟိတ စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ဂုဏ်ပြုပြီး လမ်းလျှောက်တာပါ။ ကျေးရွာတွေ၊ မြို့တွေ ဖြတ်သန်းလမ်းလျှောက်ရင်း အလှူငွေထည့်လာရင် ရလာတဲ့အလှူငွေတွေကို မြို့နယ်အသီးသီးမှာ ကိုဗစ်ရောဂါအတွက် ရှေ့တန်းက လုပ်ဆောင်နေသူတွေကို ပြန်လည်လှူဒါန်းသွားမှာပါ။ ရန်ကုန်အထိ လမ်းလျှောက်ပြီး ပြည်မြို့ကို သွားမယ်၊ အဲဒီကတဆင့် မကွေး၊ နတ်မောက်၊ ပျော်ဘွယ် နောက် မိတ္ထီလာပြန်ဝင်ပြီး ပြင်ဦးလွင်ကို ပြန်မယ်” လို့ ပြောပါတယ်။
အသက် ၄၈ နှစ်အရွယ် ကိုစနေ(ခ)ကိုကျော်ကျော်ဝင်းဟာ ၁၉၉၄ က စတင်ပြီး မန်းတိုင်းစည်ပင်မှာ စက်ဘီးစီးအားကစားနဲ့ ၁၃ နှစ်ကြာ ဝန်ထမ်း လုပ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ၂၉ ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး လူငယ်များ မူးယစ်ကင်းစင်ရေး မြန်မာနိုင်ငံတဝန်း စိမ်းလန်းစိုပြည်ရေး ဆိုတဲ့ ရည်ရွယ်ချက် ၃ ချက်နဲ့ မိုင် ၁၀၀၀ လမ်းလျှောက်ခဲ့ဖူးပါတယ်။
ပြင်ဦးလွင်မြို့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ထွက်ခွာလာပြီး ကူမဲမြိုကတဆင့် ဝမ်းတွင်းမြို့နယ်ကို ည ၇ နာရီမှာ ရောက်ရှိခဲ့ပြီး မြို့အဝင် မြတ်စောညီနောင်ဘုရားမှာ ညအိပ်ရပ်နားခဲ့တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း