မြဝတီချစ်ကြည်ရေးတံတား ၂ ကနေ နေရပ်ပြန်ရန် မြန်မာလုပ်သား ၁၀၀၀ ကျော် စာရင်းသွင်းထား

မြဝတီချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ နေရပ်ပြန်မယ့် မြန်မာလုပ်သား ၁,၀၀၀ ကျော် ဘန်ကောက်မြို့ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှာ စာရင်းပေးသွင်းထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေး ကူညီနေတဲ့ AAC မဟာမိတ်အဖွဲ့ အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။ တာ့ပ်ခရိုင်နယ်မြေ ဖြတ်သန်းခွင့် တစ်ပတ်ပိတ်တဲ့ ကန့်သတ်ကာလပြည့်ပြီဖြစ်တဲ့အတွက် ဇန်နဝါရီ ၅ ရက်နေ့မှာ နေရပ်ပြန်ကြဖို့ စာရင်းပေးသွင်း ဆောင်ရွက်ကြတာပါ။ ဇန်နဝါရီ ၃ ရက်နေ့မှာ မဲဆောက်ဒေသက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ခွင့်ပေးခဲ့ပေမဲ့ တာ့ပ်ခရိုင်ပြင်ပက နေရပ်ပြန်တွေကိုတော့ မဲဆောက်နယ်မြေကို ဖြတ်သန်းခွင့်မပြုသေးတာပဲ ဖြစ်ပါတယ်။  မဲဆောက်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ တွေ့ရှိလာတဲ့အတွက် ထိုင်းအစိုးရက ခရိုင်ဖြတ်ကျော်ခွင့်ကို တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ တရားဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁ သိန်းကျော်ဟာလည်း ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်မရဘဲ မြန်မာနိုင်ငံအတွင်းမှာပဲရှိနေပြီး MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေ ဝင်ရောက်နိုင်ဖို့ကိုလည်း ထိုင်း-မြန်မာနှစ်နိုင်ငံ ဆွေးနွေးဆဲဖြစ်တယ်လို့ ဦးရဲမင်းက ပြောပါတယ်။ သတင်း - Ei Thazin Khine၊ ဓာတ်ပုံ - ဦးရဲမင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up