ဗြိတိန်နှင့် မြောက်အိုင်ယာလန်က လာသူများကို မြန်မာနိုင်ငံဝင်ခွင့် တားမြစ်
DVB
·
January 3, 2021
ဗြိတိန်နဲ့ မြောက်အိုင်ယာလန်မှာ နေထိုင်သူတွေနဲ့ အဲဒီကိုသွားထားတဲ့ ခရီးသွားတွေကို မြန်မာနိုင်ငံကို လာရောက်ခွင့်မပြုဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တားမြစ်မိန့် ထုတ်ပြန်ပါတယ်။
SARs-CoV-2 ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ဗြိတိန်နဲ့ မြောက်အိုင်ယာလန် ကျန်းမာရေးတာဝန်ရှိသူတွေ တွေ့ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။
ဒီဗိုင်းရပ်စ်သစ်က လူအများအပြားကို ကူးစက်နိုင်ပြီး မြန်မာအစိုးရအနေနဲ့ ဒီအန္တရာယ်ကနေ ကာကွယ်ဖို့၊ ဗိုင်းရပ်စ်မျိုးကွဲသစ် ပျံ့နှံ့လာနိုင်တာကို ထိန်းချုပ်ကန့်သတ်ဖို့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒါကြောင့် ဗြိတိန်နဲ့ မြောက်အိုင်ယာလန်မှာ နေထိုင်သူတွေ၊ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီကို သွားရောက်ခဲ့သူတွေကို မြန်မာနိုင်ငံကို လာရောက်ခွင့် တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီ ယာယီတားမြစ်ချက်ဟာ ဒီဇင်ဘာ ၃၁ ရက်က စတင်တယ်လို့လည်း ဆိုပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ အခြေအနေနဲ့ အထူးသဖြင့် ဗီဇကွဲ ဗိုင်းရပ်စ်သစ်ရဲ့ ကူးစက်ပျံ့နှံ့ပုံကို အမြဲစောင့်ကြည့်နေပြီး လိုအပ်ရင် နောက်ထပ် ကြေညာချက်တွေ ထုတ်ပြန်ကန့်သတ်ဦးမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆီကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ဆင်းသက်ခွင့်ကို ဇန်နဝါရီ ၃၁ ရက်အထိ ပိတ်ပင်ထားတယ်လို့လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာထားပါတယ်။