မြန်မာ-တရုတ် အဓိကကုန်သွယ်ဂိတ် မန့်ဝိန်းကို ၂၄ နာရီဖွင့်နိုင်ရန် ၁၀ ရက်တာ စမ်းသပ်မည်

မြန်မာနဲ့ တရုတ် အဓိက ကုန်စည်သယ်ယူ၊ ပို့ဆောင်နေတဲ့ မူဆယ် မန့်ဝိန်းဂိတ်ကို ၂၄ နာရီ ဖွင့်နိုင်ဖို့ ၁၀ ရက်တာ စမ်းသပ်စီစဉ်သွားမယ်လို့ သိရပါတယ်။ မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသူရိန်က “မန့်ဝိန်းဂိတ် တစ်ပေါက်ပဲဗျ။ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့ထိဗျ” လို့ ပြောပါတယ်။ ၂၄ နာရီ ဖွင့်လှစ်နိုင်ဖို့အတွက် ၁၀ ရက်တာ စမ်းသပ်မှာကို တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း သဘောတူညီခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ အဓိကပြည်ပကုန်သွယ်ရေးလမ်းကြောင်းရဲ့ ၇၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ မူဆယ် မြန်မာ - တရုတ် ဝင်/ထွက်ဂိတ်များ အားလုံးကို ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့လာတာကြောင့် ၂၀၂၀ နှစ်ဆန်းပိုင်းက စတင်ပြီး အားလုံးနီးပါး ပိတ်ခဲ့တာပါ။ ဒီနောက် ကိုဗစ် ၁၉ စည်းကမ်းအရ လက်ရှိ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ (ကြူကုတ်ပန်ဆိုင်း) ဝမ်တိန်ဂိတ်တို့မှာသာ မနက် ၆ နာရီခွဲကနေ ည ၁၀ နာရီအထိသာ ဂိတ်ဖွင့်ပြီး ယာဉ်မောင်း အစားထိုးစနစ်နဲ့ ကုန်စည်ပို့ဆောင်နေတာဖြစ်ပြီး ပို့ကုန်တွေ နှောင့်နှေးကြန့်ကြာကာ ပုပ်သိုး ရက်လွန်ဆုံးရှုံးတာတွေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။  မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ လယ်ယာထွက်သီးနှံနဲ့ ပင်လယ်ထွက်သားငါးတွေကို တရုတ်နိုင်ငံကို အဓိကထား တင်ပို့ခဲ့တာဖြစ်ပြီး ကိုဗစ်ကြောင့် စျေးကွက်အားလုံးနီးပါး မရပ်ဆိုင်းရုံ ခက်ခက်ခဲခဲ လည်ပတ်နေရတယ်လို့ မြန်မာနိုင်ငံ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။ အခုစမ်းသပ်ကာလ ၁၀ ရက်တာအတွင်း ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ ယာဉ်မောင်း ဖလှယ်ရေးကိစ္စကို ဆတိုး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံ ကြိုတင်ပြင်ဆင် တာဝန်ယူရမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်က ပင်လယ်ထွက် သားငါးတွေ၊ လယ်ယာထွက်သီးနှံတွေကို မြန်ဆန်စွာပို့ဆောင်နိုင်မှာဖြစ်ပြီး စမ်းသပ်ကာလပြီးဆုံးကာ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အောင်မြင်ပါက အရင်လို ပုံမှန်အတိုင်း တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ လက်ရှိ မန့်ဝိန်း ဂိတ်ပေါက်မှာ ပြဿနာ တစုံတရာနဲ့ ကားပျက်တာ မရှိပါက တနေ့ကို မြန်မာဘက်က ကုန်ကားကြီး ၁၅၀၊ ၆ ဘီးကား ၉၀ လောက်နဲ့  တရုတ်ဘက်က ကုန်တင်ယာဉ်ကား ၂၅ စီးလောက် သွားလာနေတယ်လို့ မူဆယ်ယာဉ်ထိန်းရဲ တပ်ကြပ် ဦးမင်းသူက DVB ကို ပြောပါတယ်။ ဒါ့အပြင် ဆင်ဖြူဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ (ကြူကုတ်/ပန်ဆိုင်း) ဝမ်တိန်ဂိတ်တွေကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မူဆယ်ခရိုင်ပြန်/ဆက် ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးဆီက သိရပါတယ်။ မူဆယ် မန့်ဝန်းဂိတ်ကနေ တရုတ်နိုင်ငံကို ဆန်၊ စကွဲ၊ ပြောင်း၊ ပဲ၊ ကြက်သွန် အပါအဝင် အခြားပြည်တွင်းထက် ကုန်ခြောက်တွေ တင်ပို့တာဖြစ်ပြီး ကျင်းဆန်ကျော့နဲ့ ကြူကုတ်ပန်ဆိုင်း ဝမ်တိန်ဂိတ်ကတော့ သစ်သီးဝလံနဲ့ သား၊ ငါး စတဲ့ ပုပ်ပျက်လွယ်တဲ့ ကုန်စည်တွေကို အဓိက တင်ပို့နေတာလည်း ဖြစ်ပါတယ်။ သတင်း - Pra Jaw၊ ဓာတ်ပုံ - အယ်လ်စိုး (မူဆယ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up