ကျိုက်လတ် ဓာတ်အားခွဲစက်ရုံမှ ဖယ်ရှားခိုင်းခံရသဖြင့် ဝန်ထမ်းဟောင်းများ အသနားခံစာတင်

ကျိုက်လတ်မြို့ရှိ ၂၃၀ KV ဓာတ်အားခွဲစက်ရုံထဲမှာ ကျူးကျော်နေထိုင်မှုနဲ့ ဖယ်ရှားခိုင်းခံထားရတဲ့ ဝန်ထမ်းဟောင်းတွေက သက်ဆိုင်ရာကို အသနားခံစာတင်ထားတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့ရှိ (၂၃၀) KV လျှပ်စစ်ဓာတ်အားလိုင်းခွဲရုံမှာ ကျူးကျော်နေထိုင်တဲ့ ဝန်ထမ်းဟောင်းအချို့နဲ့ အိမ်ထောင်စု ၂၃ စုကို နေရာကနေ ဖယ်ရှားပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဖယ်ရှားခိုင်းထားတာပါ။ အခုလို ဖယ်ရှားခိုင်းခံရတဲ့အပေါ် ဧရာဝတီတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံ အသနားခံစာတင်ပြီး နေရာစီစဥ်ပေးဖို့ တောင်းဆိုတာတွေ ပြုလုပ်နေပါတယ်။  ဖယ်ရှားခံနေရသူ ကိုထွန်းဝင်းက “ကျနော်တို့ နေထိုင်လာခဲ့တာ အနှစ် ၂၀ ကျော်ရှိပြီ။ စက်ရုံနဲ့ပတ်သက်တဲ့ အလုပ်မှန်သမျှကို အခုဖယ်ရှားခိုင်းခံရတဲ့ သူတွေကပဲ လုပ်ကိုင်နေထိုင်ခဲ့ကြရတာ မိဘအစဥ်အဆက် နေထိုင်ပြီး အလုပ်ကိုနေကြရတာ ဖြစ်တယ်။ အခု ၂၃၀ KV ဓာတ်အားလိုင်းကြီး စတင်ကတည်းက ဖယ်ရှားခိုင်းတဲ့စာ အမျိုးမျိုးထုတ်ပြန် ဖယ်ရှားခိုင်းနေတာပါ။ ဆွေမျိုးအစဥ်အဆက် ဒီမှာနေ ဒီမှာ အလုပ်လုပ် နေထိုင်နေကြရတာဖြစ်ပြီး နေစရာလေး စီစဥ်ပေးရင် တော်သေးတာပေါ့။ ကိုဗစ်ကာလမှာ စားရေးသောက်ရေး အခက်ခဲရှိနေရတဲ့အထဲ အခုလို နေစရာပါ ဖယ်ရှားခိုင်းနေတော့ ကျနော်တို့မှာ အခက်အခဲ ရှိတာပေါ့” လို့ ပြောပါတယ်။  ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက “ကျနော်တို့ဆီတော့ အသနားခံစာတင်ထားတာ ရှိတယ်။ သူတို့ကိုစာထုတ်တာ ပြည်ထောင်စုဝန်ကြီးက ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ ပြည်ထောင်စုဝန်ကြီးစီကို ပြန်တင်ပြပေး ထားပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up