ဆီး​ဂိမ်း​တွင် ရိုး​ရာ​လှေ​လှော် ​ရွှေရဖို့​များ

ဆီး​ဂိမ်း​ပြိုင်ပွဲ ကျင်း​ပဖို့​ ရက်​ပေါင်း​ ၁၀၀ ​တောင် မလို​တော့​တဲ့​အချိန်မှာ အား​ကစား​ရုံ၊​ အား​ကစား​ကွင်း​တွေ ရာနှုန်း​ပြည့်​ ပြီး​စီး​နေပြီဖြစ်ပြီး​၊​ အား​ကစား​နည်း​ ၃၃ မျိုး​ထဲမှာ ရိုး​ရာ​လှေ​လှော် အား​ကစား​က ​ရွှေတံဆိပ်အများ​ဆုံး​ရဖို့​ ရှိ​နေပါတယ်။ ဒီဇင်ဘာလထဲကျင်း​ပမယ့်​ ဆီး​ဂိမ်း​ပြိုင်ပွဲအတွက် တည်​ဆောက်​နေတဲ့​ အား​ကစား​ရုံ အား​ကစား​ ကွင်း​တွေ အား​လုံး​ တည်​ဆောက်ပြီး​ပြီလို့​ အား​ကစား​ဝန်ကြီး​ဌာန၊​ လူထုဆက်ဆံညွှန်ကြား​ရေး​မှူး​ ဦး​ဌေး​အောင်က ​ပြောပါတယ်။ လာမယ့်​ဆီး​ဂိမ်း​ပြိုင်ပွဲမှာ ​ရွှေတံဆိပ်စုစု​ပေါင်း​ ၄၆၀ ချီး​မြှင့်​ဖို့​ရှိပြီး​ ​ရွှေအများ​ဆုံး​ပေး​မယ့်​ အား​ကစား​နည်း​တွေက ​ပြေး​ခုန်ပစ်၊​ ​ရေကူး​ဒိုင်ဗင်တို့​ဖြစ်ပါတယ်။ အဲ့​ဒီအား​ကစား​နည်း​ ၂ ခုစလုံး​မှာ မြန်မာတို့​ ​ရွှေရဖို့​ မရှိဘဲ ရိုး​ရာ​လှေမှာ​တော့​ ​ရွှေတံဆိပ် အများ​အပြား​ရဖို့​ ရှိတယ်လို့​ အား​ကစား​က​လောင်ရှင် ကိုစိုး​ညီက သုံး​သပ်​ပြောပါတယ်။ “ရိုး​ရာ​လှေမှာ စုစု​ပေါင်း​ ​ရွှေ ၁၇ ​ပေး​ပါမယ်။ ၂၀၁၁ ဆီး​ဂိမ်း​တုန်း​က ​ရွှေတံဆိပ် ၁၀ ခု​ပေး​ခဲ့​တယ်။ ကျ​နော်တို့​က ​ရွှေတံဆိပ် ၉ ခု၊​ ​ငွေတံဆိပ် ၁ ခု ရတယ်။ ၉၀ ရာခိုင်နှုန်း​ ​ရွှေရခဲ့​တယ်။ အဲ​တော့​ ဒီနှစ် ၁၇ ခု​ပေး​မယ်၊​ ကျ​နော်တို့​ မနှစ်ကထက်​တော့​ ​လျော့​မှာမဟုတ်ဘူး​။ ​ရွှေတံဆိပ် ၁၀ ခုအထက်မှာ ကျ​နော်တို့​ ရမယ်လို့​ ထင်တယ်။ ဘာလို့​လဲဆို​တော့​ ​လှေ၊​ ​ရေ လမ်း​ကြောင်း​က ကျ​နော်တို့​နဲ့​ အသား​ကျပြီး​သား​ ဖြစ်တယ်။ ​လေတိုက်နှုန်း​တွေကို ကျ​နော်တို့​ အသား​ကျပြီး​သား​ဖြစ်တယ်။ အဲဒါ​ကြောင့်​မို့​ပါ။” ​ရွှေတံဆိပ်အများ​ဆုံး​ချီး​မြှင့်​မယ့်​ ​ပြေး​ခုန်ပစ်နဲ့​ ​ရေကူး​ အား​ကစား​နည်း​ ၂ ခုမှာ မြန်မာအား​ကစား​သမား​တွေ မျိုး​ဆက်ပြတ်​နေတာ​ကြောင့်​ ​ရွှေရဖို့​ မရှိတာလို့​လည်း​ ​ပြောပါတယ်။ ဒါနဲ့​ ပတ်သက်ပြီး​ အား​ကစား​ဝန်ကြီး​ဌာန၊​ ယှဉ်ပြိုင်​လေ့​ကျင့်​ညွှန်ကြား​ရေး​မှူး​ ဦး​သက်လွင်​မေး​ကြည့်​တော့​ ​ရွှေမရနိုင်ဘူး​လို့​ ​ပြောပါတယ်။ “​ပြေး​ခုန်ပစ်မှာ​တော့​ များ​များ​စား​စား​ မရနိုင်ဘူး​။ ​ရေကူး​ရော၊​ ​ပြေး​ခုန်ပစ်​ရော မရနိုင်ဘူး​။ ​ပြေး​ခုန်ပစ်ကလည်း​ အင်အား​တောင့်​တင်း​တဲ့​ အ​ခြေအ​နေမှာ မရှိပါဘူး​။ လက်ရှိအ​ခြေအ​နေက​တော့​ တိတိကျကျ ​ပြောလို့​မရတဲ့​ အ​ခြေအ​နေပါ။ ၅၀-၅၀ ပါပဲ။ သူများ​တွေ ရရှိ​နေတဲ့​စံချိန်၊​ ကျ​နော်တို့​ ရရှိ​နေတဲ့​ စံချိန်အတိုင်း​ဆိုရင် ကျ​နော်တို့​က ၅၀-၅၀ ပဲ။ အတိအကျ ​ပြောလို့​မရပါဘူး​။” ​ပြေး​ခုန်ပစ်မှာ ​ရွှေတံဆိပ် ၄၆ ခု၊​ ​ရေကူး​မှာ ​ရွှေတံဆိပ် ၃၂ ခု ချီး​မြှင့်​ဖို့​ ရှိတာပါ။ မြန်မာပရိသတ်အကြိုက် ​ဘောလုံး​မှာ မြန်မာအမျိုး​သမီး​အသင်း​ဟာ ပရိသတ်အား​နဲ့​ ​ရွှေရဖို့​များ​တယ်လို့​ ဝါရင့်​ အား​ကစား​က​လောင်ရှင် ဦး​ခင်​မောင်​ထွေး​က ​ပြောပါတယ်။ “အမျိုး​သား​အသင်း​က​တော့​ ​ရွှေတံဆိပ်ရဖို့​ ကြိုး​စား​ရမယ်။ ကျ​နော့်​အမြင်နဲ့​ အား​ကစား​က​လောင်ရှင်​တွေရဲ့​ အမြင်အရ​တော့​ အမျိုး​သမီး​အသင်း​က ကိုယ့်​ကွင်း​၊​ ကိုယ့်​ပရိသတ်နဲ့​ဆို​တော့​ ​ရွှေတံဆိပ်ရဖို့​ များ​တယ်။” ဆီး​ဂိမ်း​မှာ မြန်မာအား​ကစား​အဖွဲ့​အ​နေနဲ့​ အဆင့်​ ၇ မှာ နှစ်​ပေါင်း​များ​စွာ ရပ်တည်​နေရာက ဒီနှစ်​တော့​ အဆင့်​ ၄-၅ ​လောက် ဝင်နိုင်မယ်လို့​ ခန့်​မှန်း​ကြောင်း​ ​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ်၊​ အင်ဒိုနီး​ရှား​ဆီး​ဂိမ်း​ပြိုင်ပွဲမှာ မြန်မာအား​ကစား​အဖွဲ့​ဟာ ​ရွှေတံဆိပ် ၁၆ ခု ရရှိခဲ့​ပြီး​ ​လှေ​လှော်က ​ရွှေအများ​ဆုံး​ ဆွတ်ခူး​ပေး​ခဲ့​တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up