ကိုဗစ်ကာလ FL-17 ယစ်မျိုးလိုင်စင်အခွန် အရစ်ကျစနစ်ဖြင့် ဖြေလျှော့ပေးရန် တောင်းဆို

မကွေးမြို့နယ်မှာ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ဆိုင်တွေ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ရောင်းချခွင့်ရတာ မကြာသေးတဲ့အတွက် FL-17 ယစ်မျိုးလိုင်စင် အခွန်ငွေ ကောက်ခံတာကို အရစ်ကျစနစ်နဲ့ ရွှေ့ဆိုင်းဖြေလျှော့ပေးဖို့ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းက တောင်းဆိုလိုက်ပါတယ်။ ယစ်မျိုးလိုင်စင်သမားတွေအနေနဲ့ အခွန်ငွေပေးဆောင်ရမှာကို သိရှိပေမယ့် ကိုဗစ်ကာလအတွင်းမှာ အခက်အခဲကြုံတွေ့ကြရပြီး ဆိုင်ဖွင့်ခွင့်ရတာလည်း မကြာသေးတာကြောင့် တနည်းနည်းနဲ့ ဖြေလျှော့ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာလို့ မကွေးမြို့ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဌေးလင်းက ပြောပါတယ်။ မကွေးမြို့နယ်မှာ ယစ်မျိုးလိုင်စင်မျိုးစုံရရှိတဲ့ လုပ်ငန်းရှင် ၃၂၂ ဦးရှိတဲ့အနက် FL-17 လိုင်စင်ရရှိသူ ၁၃၅ ဦးခန့်ရှိပြီးတော FL-17 လုပ်ငန်းရှင်တွေ အစည်းဝေးဆုံးဖြတ်ချက်နဲ့ လက်မှတ်ရေးထိုးပြီး တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးမြို့က စားသောက်ဆိုင်လုပ်ငန်းရှင် ဦးမြင့်ဇော်က "FL-17 ယစ်မျိုးလုပ်ငန်းရှင်တွေအနေနဲ့ တစ်နှစ်ကို အခွန်ငွေ ၈ သိန်းကျပ် ပေးဆောင်ရတာဖြစ်ပြီး ၆ လကို တစ်ကြိမ် ၄ သိန်းကျပ်စီးပေးဆောင်ရတာဖြစ်လို့ တစ်သိန်း ၄ ကြိမ်ဖြစ်ဖြစ်၊ ၂ သိန်း ၂ ကြိမ်ဖြစ်ဖြစ် အရစ်ကျနဲ့ ရက်ရွှေ့ဆိုင်း ကောက်ခံပေးဖို့တောင်းဆိုတာ ဖြစ်တယ်" လို့ ပြောပါတယ်။ ဆိုင်ခန်းမြေနေရာတွေ နှစ်ချုပ်နဲ့ ငှားရမ်းလုပ်ကိုင်ကြရပြီး ကိုဗစ်ကာလအတွင်းမှာ ဆိုင်တွေပိတ်ထားရလို့ ကျပ်သိန်း ၄၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ FL-17 လိုင်စင်ဆိုတာကတော့ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချတဲ့ စည်ဘီယာ၊ ပုလင်းဘီယာ အရောင်းဆိုင်တွေအပြင်၊ စင်တင်၊ KTV၊ ဟိုတယ်၊ မိုတယ်တွေမှာ အသုံးပြုကြတဲ့ ယစ်မျိုး လိုင်စင်အမျိုးစား ဖြစ်တယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်နေ့က ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ယစ်မျိုးအခွန်တွေကို ဒီဇင်ဘာ ၂၀ ရက်နေ့နောက်ဆုံးထားပေးသွင်းဖို့ အကြောင်းကြားစာ ရရှိထားတယ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။ သတင်း-မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up