ကာကွယ်ရေးဦးစီးချုပ် ရုံးထိုင်သည့် တပ်နယ်မြေတွင် လူ ၁၀၀ ကျော် ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
December 30, 2020
နေပြည်တော်၊ ဇေယျာသီရီမြို့နယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထိုင်တဲ့ တပ်နယ်မြေမှာ ကိုဗစ်ဒုတိယလှိုင်းကာလ ဒုတိယဗိုလ်မှူးကြီးအပါအဝင် လူပေါင်း ၁၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာလ ၃၀ ရက် ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။
အဲ့ဒီတပ်နယ်မြေဝင်းမှာ တပ်မတော်သားတွေ၊ မိသားစုတွေအပါအဝင် လူဦးရေ သောင်းနဲ့ချီနေထိုင်ပြီး တပ်မတော်သား၊ မိသားစုဝင်၊ ကလေးငယ်တွေပါမကျန် အားလုံးကို ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးရာမှာ လူ ၁၀၀ ကျော် ပိုးတွေ့ရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပိုးတွေ့ရှိသူတွေကို တပ်မတော်ဆေးရုံမှာ ဆေးကုသပေးနေပြီး ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အဲ့ဒီတပ်နယ်မြေဝင်းမှာ တပ်မတော်သားနဲ့ မိသားစုဝင် ၁၄၀ ကျော်ပိုးကူးစက်ခံထား ရတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးကလည်း ပြောထားပါတယ်။