ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်တိုးတက်လာရန် တပ်မတော်မျှော်လင့်
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
·
December 30, 2020
ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပေါ်တိုးတက်လာဖို့အတွက် မျှော်လင့်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ ကျန်ရှိခဲ့တဲ့ နယ်မြေတွေမှာ အခုနှစ်ကုန်အတွင်း ကျင်းပပေးဖို့ အေအေအဖွဲ့က သဘောထားထုတ်ပြန်ခဲ့ပြီး တပ်မတော်ဘက်ကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။
အေအေနဲ့ တပ်မတော်တို့ရဲ့ အသီးသီးသဘောထားထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ တစ်ကြိမ်မှ ဖြစ်ပွားတာ မရှိတော့တာပါ။
စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတဲ့ ဒေသခံတွေလည်း နေရပ်ပြန်မှုတွေရှိနေပြီး ပြည်နယ်အတွင်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဒီထက်ပိုမိုတိုးတက်ဖြစ်ပေါ်လာဖို့ မျှော်လင့်ထားတယ်လို့ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ ကျနော်တို့အနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ အခုလိုပေါ့နော် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲပြီးတော့ကျ ငြိမ်းချမ်းနေတဲ့ အခြေအနေ၊ အိုင်ဒီပီကမ့်တွေကနေပြီးတော့ကျ ရွာသူရွာသားတွေ သူ့ရွာသူပြန်ပြီးတော့ သူ့အလုပ်သူလုပ်နိုင်တဲ့ အခြေအနေ တွေကနေတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ ဖြစ်ပေါ်တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်”။
ကိုဗစ်-၁၉ ရောဂါကြောင့် တပ်မတော်က ထုတ်ပြန်ထားတဲ့ ပစ်ခတ်တိုက်ခတ်မှုရပ်ဆိုင်းကြောင်း ကြေညာတဲ့ နယ်မြေတွေမှာ ရခိုင်ပြည်နယ်မပါဝင်ပေမယ့် တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့တာလည်း ဖြစ်ပါတယ်။
တခြားပစ်ခတ်တိုက်ခတ်မှု ရပ်စဲထားတဲ့နယ်မြေတွေမှာတော့ နိုဝင်ဘာလကုန်ကနေ ဒီဇင်ဘာလအတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲ ၁၂ ကြိမ်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ မိမိတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအနေနဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ TNLA အဖွဲ့နဲ့ ၃ ကြိမ်၊ MNDAA အဖွဲ့နဲ့ ၂ ကြိမ်၊TNLA ပူးပေါင်းအဖွဲ့နဲ့ ၂ ကြိမ်၊ MNDAA/TNLA ပူးပေါင်းအဖွဲ့နဲ့ ၂ ကြိမ်၊ TNLA/SSPP/SSA ပူးပေါင်းအဖွဲ့နဲ့ ၁ ကြိမ်၊ MNDAA ပူးပေါင်းအဖွဲ့နဲ့ ၁ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်” လို့ ပြောပါတယ်။
ပစ်ခတ်တိုက်ခတ်မှု ရပ်စဲထားတဲ့ ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့မှုတွေလည်း ၇ ကြိမ် အထိရှိခဲ့ပြီး နယ်မြေကျော်လွန်လှုပ်ရှားမှု ၇၅ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၃ ကြိမ်၊ လူသစ်စုဆောင်းမှု ၉ ကြိမ် ရှိခဲ့တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။