ဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်အပါအဝင် ၆၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရ
DVB
·
December 30, 2020
ဧရာဝတီတိုင်းအတွင်း ဒီဇင်ဘာ ၂၉ ရက်အထိ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အပါအဝင် စုစုပေါင်း ၆၃ ယောက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေတာဝန်ထမ်းဆောင်နေတဲ့ ရဲစခန်းမှာတော့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေ အတိုင်းလိုက်နာနေထိုင်ဖို့ မှာကြားထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။
"ရဲတပ်ဖွဲ့ဝင်တွေ ကူးစက်ခံရတာ အားလုံးဆို ၆၃ ဦး ရှိသွားပြီ အဲ့အထဲက ၅၈ ဦးကတော့ ဆေးရုံဆင်းခွင့်ရသွား ပါပြီ။ ကျန်တဲ့သူတွေက ဆေးကုသမှု ခံယူနေရတုန်းဖြစ်ပါတယ်"လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ နေထိုင်စားသောက်ရေး အတွက် ထောက်ပံ့ပေးထားတယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးကတော့ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်နဲ့ မအူပင်ခရိုင်မှာ အများဆုံးဖြစ်ပြီး အနည်းဆုံးကတော့ အမှတ် ၁၃ ယာဉ်ထိန်း ဒုတပ်ဖွဲ့က တစ်ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဒီဇင်ဘာ ၉ ရက်အထိ ရဲတပ်ဖွဲ့က အရာရှိ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်၊ တခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၅၂ ယောက်၊ ရဲတပ်ဖွဲ့ မိသားစုဝင် ၁ ယောက် စုစုပေါင်း ၆၃ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)