Live
Home
ဆောင်းပါး
လေထီးဗိုလ်အုန်းမောင် ကွယ်လွန်ပြီး နှစ် ၂၀ 
မောင်တူး
·
December 30, 2020
“လေထီးဗိုလ်အုန်းမောင် ၂၀ ” မြန်မာပြည်မြတ်၊ လွတ်လပ်ရေးတွက် ဖက်ဆစ်ရန်မီး၊ တွန်းလှန်ဆီးဖို့ လေထီးခုန်ချ၊ တိုက်ပွဲစသူ မြန်မာ့အားမောင်း၊ သူရဲကောင်းကြီး  လေထီးအုန်းမောင်၊ သုံးကျွန်းဆောင်သည် တို့ပြည်ဘောင်အား၊ ခွဲခွာသွားရစ် အနှစ် နှစ်ဆယ် ကြာလေပြီ။ ။  လေထီးဗိုလ်အုန်းမောင်၊ ဦးအုန်းမောင် ခေါ် ကိုမြဟာ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ ဖြစ်သလို ဖက်ဆစ်ဂျပန်တော်လှန် ရေးမှာလည်း အိန္ဒိယ၊ သီဟိုဠ်တို့မှာ စစ်ပညာသင်ပြီး မြန်မာ့မြေပေါ်ကို လေထီးနဲ့ခုန်ချ တိုက်ပွဲတွေ စဖော်ခဲ့သူတွေထဲက တဦး အပါအဝင်ဖြစ်တယ်။  သခင်အုန်းမောင် အဖြစ် သခင်တဦးအနေနဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ “ဗိုလ်” ဘွဲ့ ခံခဲ့သူပါ။ ဖိနှိပ်တဲ့ အာဏာရှင် အဆက်ဆက်ကို တွန်းလှန်ဆန့်ကျင်ခဲ့လို့ ထောင် နှစ်ကြိမ်ကျရသလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကိုကိုးကျွန်း၊ လိပ်ကျွန်း၊ (ဒုတိယအကြိမ် ကိုကိုးကျွန်း) တွေမှာ ၃ ကျွန်းစံ ကျခံခဲ့ရသူလည်း ဖြစ်ပါရဲ့။ စွန့်လွှတ် စွန့်စား အနစ်နာခံ အသက်ပေးပြီး တိုင်းပြည်အရေး လုပ်ခဲ့သူပေမဲ့ အခွင့်အရေးမယူ သေတိုင်အောင် ပြည်သူ့ ဖက်တော်သား နိုင်ငံရေးသမားကြီး တဦးအဖြစ် သူဟာ ရပ်တည်သွားခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ သူဟာ ရန်ကုန်မှာ ကွယ်လွန်ခဲ့တာမို့ အခုဆို လေထီးဗိုလ်အုန်းမောင် ကွယ်လွန်ခဲ့တာ အနှစ် ၂၀ ပြည့်ပါပြီ။  “မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ  ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရဲဘော်သုံးကျိပ်  ဂျပန်ပြည်မှာ စစ်ပညာသင်ကြားခဲ့သလို  ဦးသိန်းဖေမြင့် ဦးဆောင်တဲ့  လေထီးဆင်း ရဲဘော် ၃၀ ဟာလည်း  အိန္ဒိယပြည်၊ သီဟိုဠ်ပြည်တွေမှာ  စစ်ပညာသင်ကြားပြီး လွတ်လပ်ရေးအတွက်  သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သူထဲမှာ  ဆရာ လေထီးဦးအုန်းမောင်လည်း တယောက်အပါအဝင်ဖြစ်ပါတယ်”  (ကိုကိုးကျွန်းပြန် ရဲဘော်ကြီးတဦး) ပြောကြားချက် “လေထီးဗိုလ်အုန်းမောင် အတ္ထုပ္ပတ္တိ” လေထီးဗိုလ်အုန်းမောင်ကို ၁၉၁၉ ခုနှစ်က ဖျာပုံမြို့မှာ အဖ ဦးဘထိန်၊ အမိဒေါ်ဖွားရွှေတို့က မွေးတယ်။ ဖျာပုံမှာပဲ ၁၀ တန်း အောင်ပြီး ၁၉၃၈ ခုနှစ်မှာ တို့ဗမာအစည်းအရုံးဝင် သခင်အုန်းမောင် ဖြစ်လာတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ရေနံမြေသပိတ် ရန်ကုန်အထိ ချီတက်ပွဲမှာ “ဗိုလ်“ စာရင်းသွင်းပြီး ဗိုလ်ဖြစ်လာတယ်။ ဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံး အတွင်းရေးမှူး လည်း ဖြစ်လာတယ်။  ၁၉၃၉-၄၀ မှာ လွတ်လပ်ရေးအတွက် လျှို့ဝှက် မြေအောက် စည်းရုံးရေးလုပ်ခဲ့ပြီး ကွန်မြူနစ်ပါတီထဲ ဝင်ခဲ့တယ်။ ၁၉၄၄ ခုနှစ်မှာ သခင်ဗိုလ်၊ သမ္မတဟောင်း မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်း၊ ဦးကျော်ရင်၊ ဗိုလ်လှဖေ (မန်း) တို့ နဲ့အတူ ဂျပန်ဖက်ဆစ် တော်လှန်ရေးအတွက် အိန္ဒိယပြည်ကို လျှို့ဝှက်စွာသွားပြီး စစ်ပညာသင်ခဲ့တယ်။ သီဟိုဠ်ကျွန်း တောနက်ကြီးတွေထဲမှာလည်း စစ်ပညာသင်တန်း၊ လေထီးဆင်းသင်တန်းတွေ တက်ခဲ့ကြတယ်။ သူတို့ဟာ ဂျပန်တော်လှန်ရေး မစခင် မြန်မာပြည်ကို လေထီးခုန်ဆင်းနိုင်ခဲ့ပြီး လက်နက်အတတ်ပညာတွေကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်ခဲ့တာမို့ ဂျပန်တော်လှန်ရေးကို အကျိုးပြုနိုင်ခဲ့ကြတာ ဖြစ်တယ်။  ကျနော့်ဘဝဟာ Struggle တိုက်ပွဲတွေနဲ့  ပြွမ်းတီးခဲ့တဲ့ဘဝပါ။ ကျွန်တော် အခုလည်း Struggle လုပ်နေတုန်းပါပဲ။ ကျွန်တော် သေတဲ့အထိ ဒူးမထောက် အညံ့မခံပဲ လုပ်သွားမှာပါ။ ကျွန်တော် မလုပ်နိုင်ခဲ့သေးတာတွေ တာဝန်မကျေခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်နိုင်သလောက်တော့ လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဘဝအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ (လေထီးဦးအုန်းမောင်) မကွယ်လွန်ခင်က ပြောဆိုချက် လေထီးဗိုလ်အုန်းမောင်ဟာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်က ဖျာပုံခရိုင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဘဝနဲ့ တောခိုခဲ့တယ်။ သူဟာ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲချိန်ကလည်း သခင်သန်းထွန်း ကွန်မြူနစ်ပါတီဖက်မှာ ရပ်တည်ခဲ့တာပါ။ ၁၉၄၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖြစ် မြစ်ဝကျွန်းပေါ် ဌာနခွဲမှာ ခန့်အပ်ခံရတယ်။ ၁၉၅၁ ခုနှစ်မှာ ဟင်္သာတမြို့က ဒေါ်မြင့်မြင့်နဲ့ လက်ထပ်ခဲ့ပြီး ၁၉၅၃ ခုနှစ် ပုသိမ်ခရိုင်တိုက်ပွဲမှာ ခြေထောက်ကို သေနပ်မှန်ပြီး အဖမ်းခံခဲ့ရတယ်။  “သူဟာ ကိုကိုးကျွန်း (၁၉၅၈)၊ ဂေါ်ဒူလောင် (လိပ်ကျွန်း) (၁၉၅၉) နဲ့  ကိုကိုးကျွန်း (ဒုအကြိမ်) (၁၉၆၉ -၇၁) တို့မှာ ကျွန်း (၃) ကြိမ်ပို့ခံရတဲ့  နိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ သူဟာ ရိုးရိုးအေးအေး နေထိုင်တတ်ပေမယ့်  စိတ်ဓာတ်က သံမဏိလို ပြင်းထန်မာကျောပြီး တိုင်းပြည်ကို  တကယ်ချစ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တဦးပါ”   “လုပ်ဖော်ကိုင်ဖက် ကျွန်းပြန်ကြီးတဦး”   ပြောပြချက် လေထီးဗိုလ်အုန်းမောင်ဟာ ကိုကိုးကျွန်း အကျဉ်းစခန်း တိုက်ပွဲတွေမှာလဲ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်ဖေဌေး၊ ဆရာရာဂျန်တို့နဲ့အတူ ဦးဆောင်တိုက်ခဲ့သူပါ။ သူနဲ့အတူ ကိုကိုကျွန်းမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် ဖိုးသံချောင်းက အင်းစိန်ထောင်အတွင်းနဲ့ ကိုကိုးကျွန်း အကျဉ်းစခန်းတွေက လေထီးဗိုလ်အုန်းမောင် အကြောင်းတွေကို အခုလို ရေးခဲ့ပါတယ်။ “ အင်းစိန်ထောင်ထဲမှာ. . . ပိန်ပိန်လူတယောက် တုတ်ကောက်တချောင်းနဲ့ ထော့နင်း-ထော့နင်း လျှောက်လာနေတာကို တွေ့ရပါတယ်။ သူ့ခေါင်းပုံက အလယ်မှာမောက်နေပြီး ဆံပင်ကတော့ ကတုံး ဆံတောက်ပါပဲ။ အသက်အရွယ်နဲ့ ဒဏ်အမျိုးမျိုးကြောင့် ဦးလေးဗိုလ်အုန်းမောင်ရဲ့ရုပ်ဟာ ပါးချောင်ကျ၊ မျက်တွင်းဟောက်နေတာပဲ တွေ့ရလေ့ရှိပါတယ်။ ပေါ်လွင်လှတဲ့နှာတံကို ထောက်ထားတဲ့ သူ့ရဲ့ပါးရိုးတွေဟာ ကြံ့ခိုင်လှပြီး နောင်မှာ ဖိနှိပ်သူ အာဏာပိုင်တွေနဲ့ ရင်ဆိုင်တိုင်း အဲဒီပါးရိုးကြီးတွေ တင်းနေတာဟာ ကျနော်တို့လို နောက်လိုက်တွေကို သိပ်အားတက်စေပါတယ်။ . . . . .ဒီနောက် ၁၄ နှစ်လောက်ကြာတော့ ဦးလေးဦးအုန်းမောင်ကို ဘဝတူအဖြစ် ပြန်တွေ့ရပါ တယ်။ ကိုကိုးကျွန်းပေါ်မှာပါ။ . . . . . ကျနော့်အထင်တော့ ဦးလေးဗိုလ်အုန်းမောင် ရုပ်ဘာမှပြောင်းမသွားဘူးပဲ။ အင်းစိန်ထောင်တွင်းမှာ စစ်ဆင်ရေးစီမံကိန်းဆွဲပြီးဖိနှိပ်ရာမှာ ဦလေးဗိုလ်အုန်းမောင်ကို ဝိုင်းရိုက်ခဲ့ကြလို့ နံရိုး သုံးချောင်းတောင် ကျိုးခဲ့သတဲ့။ ဒါကြောင့်သူ့ကျန်းမာရေးဟာ အတော်ကို မကောင်းဘူးတဲ့။ တီဘီရောဂါလည်း ရှိနေသတဲ့။ အဲဒီအချိန်မှာ သူ့အသက်က ငါးဆယ်လောက် ရှိနေပါပြီ။ ကိုကိုးကျွန်းပေါ်ကိုရောက်ပြီး နောက်တနေ့မှာ ပင်လယ်ထဲရေချိုးဆင်းခွင့်ရလို့ ရေချိုးဆင်းကြတဲ့အခါမှာတွေ့ ရတဲ့ ဦးလေးဗိုလ်အုန်းမောင်ရဲ့ပုံဟာ တကယ့်ကို ကမ္မဌာန်းရုပ်ပါ။ ထူးတာက ဒီကမ္မဌာန်းရုပ်ရဲ့နံဘေးမှာ ခွဲစိပ်ချုပ်ရိုးကြောင်းတွေ ပါနေတာပါပဲ။ ဒါပေမဲ့သူဟာ ကိုကိုးကျွန်းပေါ်ကတိုက်ပွဲတွေကို မားမားမတ်မတ်ခေါင်းဆောင်နိုင်ခဲ့ပါတယ်။ နံရိုးကျိုးပေမဲ့ နှလုံးက ခိုင်ကျည်ပါတယ်။ တုတ်ကောက်တချောင်းနဲ့ ထော့နင်းထော့နင်းပဲ သဲသောင်ပြင်ပေါ်လျှောက်၊ ထောင်အာဏာပိုင်တွေကို တဖဝါးမဆုတ်ရင်ဆိုင်ခဲ့ပါတယ်။ ကျနော်တို့အားလုံးကိုယ်စား ထောင်အာဏာပိုင်တွေနဲ့ ရင်ဆိုင်ရာတဲ့အခါမှာ တုတ်ကောက်ကိုယ်စီနဲ့ရပ်ပြီး ပြတ်ပြတ်သားသား ပြောဆိုနေတဲ့ ဦးလေးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့နှစ်ဦးကို မြင်ရတာဟာ အင်မတန်မှ ကြက်သရေလည်းရှိ၊ အားလည်းတက်စရာလည်း ကောင်းလှပါတယ်။ “ (ရဲဘော်ဖိုးသံချောင်း ရဲ့ အရေးတော်ပုံဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၊ ဖေဖော်ဝါရီလ ၂၀၁၁ ပါ ကျွန်တော်မမေ့တဲ့ လေထီးဗိုလ်အုန်းမောင် ဆောင်းပါးမှ ) လေထီးဗိုလ်အုန်းမောင်ဟာ ၁၉၇၂ ခုနှစ်မှာတော့ ထောင်က လွတ်လာပါတယ်။ ၁၉၈၀ ခုနှစ်မှာတော့ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်း ဆောက်ရွက်ခဲ့တာတွေကြောင့် နိုင်ငံ့ဂုဏ်ရည်ဆု ဒုတိယဆင့် ပေးအပ်ခံခဲ့ရပါတယ်။ ၁၉၉၆ ခုနှစ် အသက် ၇၀ ကျော် တဲ့အထိ လေထီး ဗိုလ်အုန်းမောင်ဟာ မိုး ဂျာနယ်မှာ “နှစ်ပေါင်း ၅၀ ကြာသောအခါ” အခန်းဆက် ဆောင်းပါးကြီးကို ၁ နှစ်ခွဲ လောက် ရေးသားခဲ့ပါတယ်။ နွယ်နီ၊ ချယ်ရီနဲ့ တခြား မဂ္ဂဇင်းတွေမှာလဲ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ သူ့အသက် ၈၂ နှစ် အရွယ် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်မှာတော့ လေထီးဦးအုန်းမောင် ကွယ်လွန်သွားခဲ့ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၂၀ ရှိပြီပေါ့။  လေထီးဦးအုန်းမောင်သည် ရာသက်ပန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး  မိမိယုံကြည်ချက်အတိုင်း မတွေမဝေ မယိမ်းမယိုင်နေထိုင်သွားသူတစ်ဦးဖြစ်သည်။  ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်လေ့ရှိပြီး၊  ကိုယ်ကျင့်တရားကောင်းမွန်သူတစ်ဦးလည်း ဖြစ်၏။ ဦးအုန်းမောင်သည် ဗမာ့ခေတ်သစ်သမိုင်း၊ ဗမာ့လွတ်လပ်ရေးသမိုင်း၊  ဗမာ့တို့၏ ဖက်ဆစ်တော်လှန်ရေးသမိုင်းတွင် ရှေ့တန်းမှ  အသက်စွန့်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ (စာရေးဆရာကြီး မောင်စွမ်းရည်)   "လေးစားစံထားတဲ့ လေထီးဦးအုန်းမောင်" ဆောင်းပါး- မိုးမခအွန်လိုင်းစာမျက်နှာမှ ကျနော်ဟာ ကိုကိုးကျွန်းပြန် တကသ၊ ဗကသ ကျောင်းသားကြီးတွေဖြစ်ကြတဲ့ ရန်ကြီးအောင် ဦးစိန်ဝင်းနဲ့ သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ဆုံတွေ့တိုင်း ဆရာရာဂျန်၊ ဗန်းမော်တင်အောင်၊ သခင်ဖေဌေး၊ လေထီး ဗိုလ်အုန်းမောင်တို့ရဲ့ နိုင်ငံချစ်စိတ်၊ တော်လှန်လိုစိတ်၊ ရန်သူ စစ်အာဏာရှင်ကို အညံ့မခံလိုစိတ်၊ ထောင်တွင်းတိုက်ပွဲတွေ၊ နာမည်ကျော် ကိုကိုးကျွန်းတိုက်ပွဲတွေ ကို ကြားနေခဲ့ရပါတယ်။  “အသက်သာ အသေခံမယ်။ ပြည်သူလူထုအတွက်ဆိုတဲ့  စိတ်ဓာတ်နဲ့ ခံယူချက်ကိုတော့ ဘယ်တော့မှ မပြောင်းလည်းဘူး” ဆိုတဲ့ လေထီးဗိုလ်အုန်းမောင်ရဲ့ စကားကိုလည်း ကြားနေခဲ့ရပါတယ်။ သူ့အကြောင်း သူ့ဋီကာကို ဖွင့်ချရေးသားရရင် စာမျက်နှာများစွာ လိုပါလိမ့်မယ်။ အခုဆိုရင် လေထီးခုန် ဖက်ဆစ်တော်လှန်ရေး သူရဲကောင်း ကြီး၊ သုံးကျွန်းပြန် ရဲရဲတောက် သံမဏိကြီး လေထီးဗိုလ်အုန်းမောင် ကွယ်လွန်သွားခဲ့တာ နှစ် ၂၀ ရှိပြီ။ ဒါပေမဲ့ ဒီဇင်ဘာ ၂၈ ရောက်တိုင်း သူ့အတွက် သတိတရပွဲတွေ ကျင်းပနေဆဲ။ လေးစားဆဲ။ ဂုဏ်ယူဆဲ။ လေထီးဗိုလ်အုန်းမောင်ကို အလေးပြု နေကြဆဲပါဗျာ။ ။    မောင်တူး ကိုးကား ၁။ နှစ်ကျွန်းပြန် သံမဏိ နှစ်ဦး             သခင်မြသန်း ၂။ လေထီးဗိုလ်အုန်းမောင်ကွယ်လွန်ခြင်း ၁၅ နှစ် လက်ကမ်းစာဆောင်များ ၃။ မောင်စွမ်းရည် ရဲ့ "လေးစားစံထားတဲ့ လေထီးဦးအုန်းမောင်" ဆောင်းပါး- မိုးမခအွန်လိုင်းစာမျက်နှာ ၄။ ရဲဘော်ဖိုးသံချောင်း ရဲ့ အရေးတော်ပုံဂျာနယ်ပါ “ကျွန်တော်မမေ့တဲ့ လေထီးဗိုလ်အုန်းမောင်” ဆောင်းပါး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024