Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်ကနေ ခေါက်ပြန်အငှားယာဉ်များ စတင်ပြေးဆွဲ
DVB
·
September 2, 2013
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ကားငှားလိုတဲ့သူတွေအတွက် သီးသန့်ပြေးဆွဲပေးမယ့် ခေါက်ပြန် အငှားကားဝန်ဆောင်မှုလုပ်ငန်းတခု စတင်ဖွင့်လှစ်လိုက်ပါတယ်။ အခုလ ၁ ရက်နေ့ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Airport Shuttle ဆိုတဲ့ ခေါက်ပြန်အငှားယာဉ်တွေကို ၂၄ နာရီ စတင်ပြေးဆွဲပေးနေတာပါ။ ပြည်တွင်းကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေရော၊ မြန်မာနိုင်ငံသားတွေပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ကားငှားတဲ့အခါ နေ့စဉ်ကြုံတွေ့နေရတဲ့  ကားငှားရခက်ခဲတဲ့ ပြဿနာကို အဆင်ပြေ လွယ်ကူအောင် ဆောင်ရွက်ပေးတာလို့ Yangon Airport Shuttle က တာဝန်ရှိသူ ဦးကျော်ကျော်က ပြောပါတယ်။ “Airport Shuttle လုပ်ငန်းက တကမ္ဘာလုံးက လေဆိပ်တိုင်းမှာရှိတယ်။ ရန်ကုန်မြို့မှာ မရှိဘူးဆိုတော့ လုပ်ငန်းကို စပြီးလုပ်ခဲ့တာပါ။ လမ်းမကြီး ၃ လမ်းနဲ့ သွားမယ်။ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်းပေါ့။ နီးတဲ့လူကို ဦးစားပေးပြီး ချသွားမယ်။ ကိုယ့်တိုင်းပြည်ဝင်လာတဲ့ နိုင်ငံခြားသားတွေကို အဆင့်မြင့်မြင့်နဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ ကျနော်တို့ ရည်ရွယ်ပြီးလုပ်တာ။” Airport Shuttle  အငှားယာဉ်တစီးကို  လူ ၁၅ ယောက်အထိ လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး လောလောဆယ်မှာ ယာဉ်အစီးရေ ၈ စီးနဲ့ စတင်ပြေးဆွဲပေးနေပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြေးဆွဲပေးမယ့် ဒီခေါက်ပြန်ယာဉ်လိုင်းတွေက ရန်ကုန်မြို့တွင်း ဧရိယာအထိ ပြေးဆွဲပေးမှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် ၁ ယောက်ကို မြန်မာငွေ ၅၀၀၀ ကျပ်နဲ့ မြန်မာနိုင်ငံသား ဆိုရင် ၃၅၀၀ ကျပ်ကျမှာဖြစ်ပါတယ်။ Yangon Airport Shuttle သတ်မှတ်ထားတဲ့ ဈေးနှုန်းဟာ ပုံသေဖြစ်ပြီး လေဆိပ်နဲ့နီးတဲ့နေရာဖြစ်လည်း အဲ့ဒီဈေးအတိုင်းပေးဆောင်ရမှာပါ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  ယခင်က  limousine taxi  လုပ်ငန်းတွေဖွင့်လှစ်လုပ်ဆောင်နေတာ  ရှိပေမယ့် ၀န်ဆောင်ခ ဈေးနှုန်းမြင့်မားလွန်းတဲ့အတွက် သာမန်ခရီးသွားပြည်သူတွေ လက်လှမ်းမမီပဲ ရှိနေတာပါ။ လတ်တလောဖွင့်လှစ်လိုက်တဲ့ Yangon Airport Shuttle Service အနေနဲ့ လူအများစု အဆင်ပြေမယ့်ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးနေပေမယ့် ရန်ကုန်လေဆိပ်မှာ အခက်အခဲတချို့ ရှိနေ တယ်လို့လည်း ဦးကျော်ကျော်က ပြောပါတယ်။ “လေဆိပ်မှာ ကျနော် ကောင်တာလျှောက်ထားတာ မရသေးတဲ့အတွက် သင်္ကေတနဲ့ ပြပြီး ကျနော့်  Airport Shuttle လုပ်ငန်းကို ကြော်ငြာနေရပါတယ်။ ကျနော်လျှောက်ထားတာ ၅ လလောက်ရှိပြီ။ သူတို့တွေ လမ်းကြောင်းရှင်းအောင် အောက်က ပါကင်အောက်မှာ ရပ်ထားပါတယ်။ မှတ်တိုင် ဆိုင်းဘုတ်လေးထောင်ပြီး ကြော်ငြာနေရပါတယ်။” Yangon Airport Shuttle လို မန္တလေး၊ ညောင်ဦး၊ နေပြည်တော် စတဲ့ တခြားနေရာဒေသတွေမှာလည်း ဒီဝန်ဆောင်မှုကို တိုးချဲ့ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားလာဝင်ထွက်နေကြတဲ့ ခရီးသည်တွေကတော့ ကားငှားရခက်ခဲတာ၊ ဈေးနှုန်းကြီးမြင့်တာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့်   အစိုးရအနေနဲ့ တခြားနိုင်ငံတွေမှာလို  Airport Shuttle  Bus ပြေးဆွဲ ပေးဖို့ နဲ့ ဒီပြဿနာကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးသင့်တယ်လို့ ဆိုကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024