A d v e r t i s e m e n t With Us

ဗိုလ်ချုပ်နေဝင်း ဦးနေဝင်း နေဝင်းနာမည်ကျော်

ဗိုလ်ချုပ်နေဝင်း၊ ဦးနေဝင်း နေဝင်းမည်ခေါ်၊ နာမည်ကျော်ကား အကျော်နှစ်မျိုး၊ ကောင်းအဆိုးတွင် အဆိုးဖြင့်သာ ကျော်ပါလေ၏။ ။  ဒီဇင်ဘာ ၅  ဦးနေဝင်းကွယ်လွန်ပြီး ၁၈ နှစ် သေနတ်ဆိုတာပစ်ရင်မှန်အောင်ပစ်တယ် (ဦးနေဝင်း) ၈၈၈၈ အရေးတော်ပုံကြီးမှာ ပြည်သူတရပ်လုံး အုံကြွတော်လှန်ခဲ့တဲ့ မဆလပါတီခေါင်းဆောင် ဦးနေဝင်း (၁၀ ဇူလိုင် ၁၉၁၀ – ၅ ဒီဇင်ဘာ ၂၀၀၂) ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့သူပါ။ သူဟာ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ခု အထိနဲ့ ၁၉၆၂ က ၁၉၇၄ အထိ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။ သူဟာ ၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်က (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ တည်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဥက္ကဋ္ဌ လုပ်ခဲ့တယ်။ သူဟာ ၂၆ နှစ်ကြာ အာဏာရှင်ကြီး ဖြစ်ခဲ့တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်တောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီးချောက်တာမပါဘူး။ အဲ့ဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ရင် တပ်ကိုသုံးလို့ရှိရင် အဲ့ဒါ ဆူပူတဲ့သူတွေ မသက်သာဘူးသာ မှတ်ကြပေတော့။ ။  (ဦးနေဝင်း) ၂၃ ဇူလိုင် ၁၉၈၈ ခုနှစ် မဆလအရေးပေါ်ညီလာခံမိန့်ခွန်း ဒီမိန့်ခွန်းနဲ့အတူ ဦးနေဝင်းဟာ နိုင်ငံရေးက ကျောခိုင်းသွားတယ်ဆိုပေမဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ အာဏာသိမ်း စစ်အစိုးရကို အချိန်တခုအထိ ကန့်လန့်ကာ နောက်ကွယ်ကနေ ကြိုးကိုင်နေခဲ့ပါတယ်။ ဦးနေဝင်း ပြောခဲ့သလိုပဲ ၈၈၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွေမှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ရဟန်း၊ ကျောင်းသား၊ ပြည်သူတွေ အများကြီးသေခဲ့ကြရ ပါတယ်။ ဦးနေဝင်းကို ပဲခူးတိုင်း၊ ပေါင်းတလည်မြို့မှာ မွေးဖွားခဲ့တယ်။ ငယ်နာမည် ရှုမောင်။ တရုတ်ကပြား တစ်ဦးဖြစ်ပြီး တရုတ်ပြည် ကနေ ပြောင်းလာသူလို့လည်း ပြောကြပါတယ်။ ၁၉၂၉ နှစ်ဦးပိုင်း ရန်ကုန်တက္ကသိုလ်မှာ ဇီဝဗေဒ ဘာသာရပ်ကို သင်ကြားခဲ့ပြီး ၁၉၃၁ ခုနှစ် ကျောင်းကထွက် "သခင်ရှုမောင်" နာမည်နဲ့ တို့ဗမာအစည်းအရုံးဝင် ဖြစ်လာတယ်။ ရဲဘော်သုံးကျိပ်မှာ ပါပြီး  ဗိုလ်နေဝင်း အမည်ပြောင်းခဲ့တယ်။ ၁၉၅၈ အောက်တိုဘာ ဖဆပလ နှစ်ခြမ်းကွဲချိန် ဦးနေဝင်းဟာ အိမ်စောင့်အစိုးရကို ခေါင်းဆောင်ပြီး အာဏာသိမ်းယူတယ်။ ၁၉၆၀ ဧပြီလမှာ အနိုင်ရပါတီ သန့်ရှင်းဖဆပလ ကို အာဏာပြန်လွှဲပေးခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင် မြန်မာ့တပ်မတော်ဟာ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီး ဝန်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ ဖဆပလ အစိုးရဆီက ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်မှာ အာဏာသိမ်းခဲ့ပြန်တယ်။ ၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ အာဏာသိမ်းချိန် သမ္မတဟောင်း စဝ်ရွှေသိုက်ရဲ့ သားငယ် စပ်မီမီသိုက်ကို ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတယ်။ တစ်ကိုးခြောက်နှစ်၊ ဇူလိုင်ဖြစ်သည် ၇ ရက်ဆီတွင်၊ အာဏာရှင်ကြီး ဆိုးထိပ်သီးမျိုး၊ တန်ခိုးထွားက “ဓားကိုဓားခြင်း လှံလှံခြင်း”ကွ သူကရှင်းပြ၊ ပစ်မိန့်ချ၍ တကသ ကို၊ ဖျက်ဖြိုခဲ့ပါလေ၏။ မောင်တူး ဒီဇင်ဘာ ၅ ဦးနေဝင်းကွယ်လွန်ပြီး ၁၈ နှစ် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က တက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြကြတဲ့အခါ မိုးပေါ်ထောင်မပစ်သူ ဦးနေဝင်း တပ်သားတွေ လက်ချက်နဲ့ တက္ကသိုလ်ကျောင်းသား တစ်ရာကျော် ပစ်ခတ်ခံရလို့ သေခဲ့ပါတယ်။ တကသ ကျောင်းသားသမဂ္ဂ အဆောက်အဦကိုလည်း ဇူလိုင် ၈ ရက်မှာ မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။ အဲ့သည်နေ့ည ၈ နာရီ မြန်မာ့အသံကနေ  ဗိုလ်ချုပ်ကြီးနေဝင်းက “ဆူပူလှုပ်ရှားမှုတွေဟာ ငြိမ်ချမ်းစွာနေထိုင်နေတဲ့  ပြည်သူလူထုကိုပါ အသက်အန္တရာယ်ပြုလာပြီး အကြမ်းဖက်အသွင် ဆောင်လာတာမို့ " ဆူပူ လှုပ်ရှား မှုများ ရပ်တန့်ခြင်း မရှိပါက ဓားကိုဓားဖြင့် သော်လည်းကောင်း၊ လှံကိုလှံဖြင့် သော်လည်းကောင်း တုံ့ပြန်မည် " လို့ ဥပမာပေးပြီး ၅ မိနစ်ကြာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါဟာ ဦးနေဝင်းရဲ့ ပထမအကြိမ် လက်နက် (သေနတ်) သုံးပြီး ခြိမ်း ခြောက်မှုပါ။ နောက် ၂၆ နှစ်အကြာ ၈၈၈၈ အရေးတော်ပုံမှာလဲ ဆန္ဒပြသူတွေကို မိုးပေါ်ထောင်မပစ်ဘူး။ သေနတ်နဲ့မှန်အောင် ပစ်မယ်လို့ ထပ်ပြောခဲ့ပြန်ပါတယ်။ ဇူလိုင် ၇ ရက် ကျောင်းသားသမဂ္ဂဖြိုခွဲမှုကိုလဲ နောက် ၂၆ နှစ်အကြာမှာပဲ  ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းခွဲဖို့ စေခိုင်းသူဟာ  သူမဟုတ်ပါဘူးလို့  ဦးနေဝင်းကငြင်းခဲ့ပြီး  ဗိုလ်အောင်ကြီးသာ တရားခံလို့ ပြောခဲ့ပြန်ပါတယ်။ “ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလ” မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုတာ ဦးနေဝင်း ရေးဆွဲထားတဲ့ စနစ်ပါ။ ဦးနေဝင်းဟာ “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ” ကို ၁၉၆၂ ဇူလိုင် ၄ ရက်ကစ တည်ထောင်ပြီး တစ်ပါတီစနစ်နဲ့ ၁၉၆၂ ကနေ ၁၉၈၈ အထိ ၂၆ နှစ် အုပ်ချုပ်ခဲ့ တာပါ။ မဆလ အစိုးရဟာ နိုင်ငံရေးသမားတွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချတာ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ ကွန်မြူနစ်တွေကိုလည်း စစ်တပ်နဲ့ ချေမှုန်းခဲ့တာပါ။ “ဦးသန့်အရေးအခင်းနဲ့ ဦးနေဝင်း” တစ်ကိုးခွန်လေး၊ ထိုအရေးရာ ဒီဇင်ဘာလ၊ ထိုတညမှာ ဦးသန့်ဈာပန၊ ကြံတောချရေး သူမီးမွှေးခဲ့၊ ရန်ညှိုးဖွဲ့ကြောင့် သေခဲ့ပြန်သား ကျောင်းသားများ ။ ကျောင်းသားရေးခင်း၊ ပစ်ခတ်ခြင်းကို နေဝင်း စတင်ခဲ့ပါ၏ ။ ကျောင်းသားသပိတ်၊ ဖိနှိပ်ဖမ်းကာ ထောင်တွေမှာချ၊ ပစ်ခတ်ပြသည် သူက စတင်ခဲ့လေ၏ ။ မောင်တူး ၂၀၀၂ ဒီဇင်ဘာ ၅ ဦးနေဝင်းကွယ်လွန်ပြီး ၁၈ နှစ် ဦးသန့် ဈာပန အရေးတော်ပုံကြီးဟာ ဦးနေဝင်း မဆလအစိုးရလက်ထက် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ဖြစ်ပွားခဲ့ပြီး ကျောင်းသား၊ ရဟန်း၊ ပြည်သူလူထု ရာနဲ့ချီသေဆုံးခဲ့တဲ့ သွေးမြေကျ အရေးအခင်းကြီးပါ။ ကိုယ်တိုင်ပါဝင်ခဲ့သူ အဲ့ဒီအချိန် သင်္ချာပထမနှစ် ကျောင်းသား ဦးရောဘတ်စန်းအောင်က ရန်ကုန်တက္ကသိုလ်ကို စစ်တပ် ဝင်စီးတဲ့ ၁၉၇၄  ဒီဇင်ဘာ ၁၁ မနက်မှာတင်ပဲ ကျောင်းသား ၅၀ ကျော် ၁၀၀ ကြား သေဆုံးမယ်လို့ ခန့်မှန်းပါတယ်။ အဲ့ဒီအချိန် တက္ကသိုလ်ပြင်ပ ဆန္ဒပြပြည်သူလူထုတွေကို ပစ်ခတ်တာတွေလဲ ရှိခဲ့တာမို့ ဦးသန့်အရေးတော်ပုံမှာ သေဆုံးသူဦးရေ ၁၀၀ ကျော်နိုင်တယ်လို့ ဆိုကြပါတယ်။  ဦးသန့် ဈာပန အရေးအခင်းဆိုတာ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ကနေ ၁၁ ရက်အတွင်း တပတ်တိတိ ဖြစ်ပွားခဲ့တာလို့ အကြမ်းသဘော ပြောရမယ်။ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ကို တကမ္ဘာလုံးက လေးစားကြတယ်။ မြန်မာပြည်သူလူထုတွေကဆို ပြောစရာ မလိုလောက်အောင် လေးစားပြီးသား။ ဒါပေမဲ့ အဲ့သည်အချိန် အုပ်ချုပ်တဲ့ မဆလ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ဦးသန့်ကို မလိုလားဘူး။ ဒီတော့ ဦးသန့် ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၅ ကွယ်လွန်တော့ မြန်မာပြည်ကို အလောင်းပြန်သယ် လာတဲ့အခါ ကြံတောသုဿာန်မှာပဲ မြှုပ်နှံခွင့်ပေးခဲ့တယ်။ ပိုဆိုးတာက ဦးနေဝင်းရဲ့ ဇနီးဟောင်း ဒေါ်ခင်မေသန်းရဲ့ ကြံတော သုဿာန်က ဂူခြေရင်းမှာ ထားခွင့်ပေးတာပါ။ “ဦးသန့်ကို ဂူသွင်း မြှုပ်နှံမည့် နေရာကို ကြည့်လိုက်တော့ မဆလ အစိုးရ သမ္မတဖြစ်သူ ဦးနေဝင်း၏ ဇနီး ဒေါ်ခင်မေသန်း၏ ခြေရင်း ပေ ၂၀ အကွာမှာပါ။ ရင်ထဲ နာကျင်စွာခံစားလိုက်ရသည်။ ” (ဆေးကျောင်းသားလှမြင့်) (ဓာတ်ပုံထိန်ဝင်း၏ ၁၉၇၄ ခု၊ ဦးသန့်အရေးအခင်းတိုက်ပွဲဝင်သူများ၏ သမိုင်းမှတ်တမ်းစာအုပ်မှ) ဒီလို ဦးသန့်ကို လူသာမန်တွေလို ကြံတောမှာ မြှုပ်နှံမှာကို မကျေနပ်ကြတာ၊ ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က ဦးသန့် ရုပ်ကလာပ် ရန်ကုန်လေဆိပ်ရောက်ချိန် နိုင်ငံတကာ သံတမန်တွေ သွားကြိုခဲ့ကြပေမဲ့ မြန်မာအစိုးရ ခေါင်းဆောင် တဦးမှ မသွားတာ၊ သွားကြိုခဲ့တဲ့ ဒုဝန်ကြီး ဦးအောင်ထွန်းကိုလည်း နောက်နေ့ ဖြုတ်ပစ်လိုက်တာတွေဟာ ပြည်သူလူထုနဲ့ ကျောင်းသားတွေ ပိုပြီး မကျေမနပ် ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ၁၉၇၄ ခု ဒီဇင်ဘာ ၅ ရက် ကျိုက္ကဆံကွင်းက ဦးသန့် ဈာပနပွဲတော်မှာ ကျောင်းသားတွေက အခုလို ကဗျာလေးကို ဝေငှခဲ့ကြပါတယ်။ “ဦးသန့်အား ထိုက်တန်စွာ ဂုဏ်ပြုပါ” ၅ - ၁၂ - ၁၉၇၄ “သူတို့ထက်ပို၊ မနာလို၍ လူလိုမထား၊ ခွေးလိုထားသည် စိတ်ထားသိမ်ညစ်၊ မျိုးမစစ်ကြောင့် ဒို့မြန်မာများ၊ လုံးလုံးလျားများခွေးဖြစ်ပြီ။ ။” ဦးသန့်ဈာပနကို ကျိုက္ကဆံကနေ တက္ကသိုလ်ထဲသယ်သွားခဲ့ရာမှာ ကျောင်းဝင်းထဲကို ဦးနေဝင်းတပ်က ပစ်ခတ် ဝင်စီးလို့ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က ဦးရေ ၁၀ဝ ကျော် သေဆုံးခဲ့ရတာပါ။ မဆလ ဥက္ကဋ္ဌ အာဏာရှင်ကြီး ဦးနေဝင်းဟာ ၁၉၆၂ ခု ဇူလိုင်လ ၇ ရက် အရေးတော်ပုံသွေးမြေကျမှု၊ ကျောင်းသားခေါင်းဆောင် အရှိုချင်းအမျိုးသား ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံရမှု၊ မှိုင်းရာပြည့် အရေး၊ ကျွန်းဆွယ်ကျောင်းသားသပိတ်ဖြိုခွဲမှု၊ ဇွန် ၆ အလုပ်သမားသပိတ် သတ်ဖြတ်မှု၊ စစ်တွေ ဆန်အရေးအခင်း သတ်ဖြတ်မှု စတဲ့ အရေးအခင်း ဖြိုခွဲမှုတွေရဲ့ အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ နိုင်ငံရေးသမား ကျောင်းသား အများစုက ပြောနေကြတာပါ။ “အိမ်ထောင် ၇ ဆက် ဗိုလ်ချုပ်ကြီးနေဝင်း” ဦးနေဝင်းဟာ ဘဝတလျှောက် တရားဝင် အိမ်ထောင် ၇ ကြိမ်ခန့်ကျခဲ့ပြီး ပထမဆုံး ဒေါ်သန်းညွှန့်နဲ့ ၁၉၃၁ ခုနှစ် လက်ထပ်ခဲ့ တယ်။ ဒေါ်တင်တင်နဲ့ ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှာ လက်ထပ်ခဲ့တယ်။ သခင်ရှုမောင်နဲ့  ဒေါ်တင်တင်တို့က သားကြီး ဦးငွေစိုးနဲ့ ဒုတိယသား အေးအောင်ဝင်း ခေါ် ကိုအေးအောင်တို့ကို ဖွားမြင်ခဲ့တယ်။ ၁၉၅၂ မတ်လ ၁ဝ ရက်မှာ ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနဲ့ ရန်ကုန်ဆေးရုံကြီးအတွင်း ဆေးကျောင်းအုပ်ကြီးနေအိမ်မှာ လက်ထပ်ခဲ့တယ်။ ဒေါ်ခင်မေသန်းဟာ ခွဲစိတ်ဆရာဝန်ကြီး၊ ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်း၊ ဒေါ်ခင်ကြည်တို့ရဲ့ သမီးပါ။ ဒေါ်ခင်မေသန်း ငယ်မည်က ကစ်တီဘသန်း။ ဒေါ်ခင်မေသန်းနဲ့ လက်ထပ်ချိန် ဦးနေဝင်းဟာ ဒေါ်တင်တင်နဲ့ တရားဝင် မကွာရှင်းရသေးပါ။ ဒါကြောင့် ဒေါ်တင်တင်က ၁၉၅၂ မတ် ၁၃ ဗမာ့ခေတ်သတင်းစာက "ကျွန်မသာလျှင် ဗိုလ်ချုပ်နေဝင်း၏ မယားကြီးပါ"ဆိုပြီး ကြေညာခဲ့ ပါတယ်။ ဦးနေဝင်း လက်ထပ်ခဲ့တဲ့ ဒေါ်ခင်မေသန်းလည်း ပထမအိမ်ထောင်ရှိခဲ့တယ်။ ဒေါ်ခင်မေသန်း ယောက်ျားက ဒေါက်တာ တောင်ကြီးဖြစ်ပြီး သူနဲ့ သမီးလီလီဝင်း၊ အမြွှာတွေဖြစ်တဲ့ သီတာဝင်း၊ သော်တာဝင်းတို့မွေးခဲ့တယ်။ ဒေါက်တာတောင်ကြီးနဲ့ တရားဝင်မပြတ်စဲဘဲ ဒေါ်ခင်မေသန်းကို ယူခဲ့မှုကြောင့် တပ်မတော်အက်ဥပဒေနဲ့ ဝန်ကြီးချုပ်ဦးနုက အရေးယူဖို့ပြင်နေတုန်း ဝိဓူရ သခင်ချစ်မောင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဝိုင်းတားခဲ့ကြလို့ ဖြုတ်မပစ်ခဲ့ပါ။ ဦးနေဝင်းဟာ ဒေါ်ခင်မေသန်းနဲ့ သမီး စန္ဒာဝင်း၊ ဖြိုးနေဝင်း၊ ကြေးမုံဝင်းတို့ ထွန်းကားခဲ့တယ်။  ၁၉၇၂ ဒေါ်ခင်မေသန်း ကွယ်လွန်ပြီး ဒေါ်နီနီမြင့် (မဟာဝိဇ္ဇာ– သမိုင်း) နဲ့ ၁၉၇၃ ဧပြီလ ၄ ရက် လက်ထပ်ခဲ့ပြီး သားသမီး မထွန်းကားခဲ့ပါ။ ဒေါ်နီနီမြင့်နဲ့ ကွာရှင်းပြီး John Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး (၁၈၂၀ ဇန်နဝါရီ ၃၁ – ၁၈၆၆ ဩဂုတ် ၂) ရဲ့မြစ် ရတနာနတ်မယ်နဲ့ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ လက်ထပ်ခဲ့ပြန်တယ်။ ၅ လလောက်ပဲပေါင်းပြီး ဦးနေဝင်းနဲ့ ရတနာနတ်မယ် အိမ်ထောင်ရေး ပြိုကွဲပြီးတဲ့အခါ ဒေါ်နီနီမြင့်နဲ့ ပြန်ပေါင်းတယ်။ ဦးနေဝင်း ၇၇ နှစ်အရွယ်မှာလဲ ၂၅ နှစ်အရွယ် ဒေါ်ကြာစံနဲ့ လက်ထပ်ခဲ့တယ်လို့ ဆိုကြပါတယ်။  “ဦးနေဝင်း ကွယ်လွန်ခြင်း” တိုင်းပြည်ဘဏ္ဍာ၊ ကိုယ်ကျိုးရှာသည် သူက စတင်ခဲ့သည်တည့်။ ဗုဒ္ဓဟောရာ၊ ကြမ္မာဝဋ်ကြွေး မပြေးသာဟု၊ ဓမ္မမှုကြောင့် ဘဝနိဂုံး၊ ဇာတ်အဆုံးတွင် သူ ရှုံး ခဲ့ ရ ပါ သည် တည့်။ ။  ၂၀၀၂ ဒီဇင်ဘာ ၅ ဦးနေဝင်းကွယ်လွန်ပြီး ၁၈ နှစ် ဦးနေဝင်းလက်ထက် ပြည်သူပိုင်သိမ်းခဲ့တဲ့ လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတွေက ခံစားခွင့်တွေကို သူ ရယူထားခဲ့တယ်လို့ သတင်း ဆောင်းပါးတွေက ဖော်ပြနေကြပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ဘဝ လစာ၊ မဆလ ဥက္ကဋ္ဌ လစာတွေထက် ဦးနေဝင်းရဲ့ ပိုင် ဆိုင်မှုတွေဟာ အဆမတန် မြောက်များလှစွာ များပြားနေခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။  ဘဝဆည်းဆာ၊ နေဝင်ခါနီး၊ အာဏာပါဝါ၊ နိမ့်ကာကျသွားခဲ့ရတဲ့ ဦးနေဝင်း မကွယ်လွန်ခင်မှာ သူ့ရဲ့ မိသားစုဝင်တွေဟာ အကျယ်ချုပ်၊ အကျဉ်းချုပ်တွေ ခံနေခဲ့ကြရပါတယ်။ ဝဋ်ကြွေးကြမ္မာ မပြေးသာမြဲ ဘဝဝဲ၌ ခံရခိုက်အတွင်း ဦးနေဝင်းဟာ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲလောက် ကွယ်လွန်သွားခဲ့ရပါတယ်။ သူ ကွယ်လွန်ချိန် အသက် ၉၂ နှစ် ရှိပါပြီ။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရဟာ ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)ရဲ့ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနဲ့ လူ ၂၅ ယောက်လောက်ပဲ လိုက်ပို့ခွင့်ပေးခဲ့ပါတယ်။ သေဆုံးတဲ့နေ့ နေ့ တွင်းချင်းပဲ သင်္ဂြိုဟ်ခဲ့ရပါတယ်။ ရဲဘော်သုံးကျိပ်ဝင်၊  တပ်မတော် ကာကွယ်ရေးဦးစီးချူပ်ဟောင်း၊ မဆလ ဥက္ကဋ္ဌကြီးဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ဈာပနမှာ ချက်ခြင်း မီးသင်္ဂြိုဟ်ခဲ့ရပြီး အရိုးပြာတွေကို ရန်ကုန်မြစ်အတွင်း မျှောချပစ်ခဲ့ရပါတော့တယ်ဗျာ။ ။ မောင်တူး ကိုးကား ၁။ ဓာတ်ပုံထိန်ဝင်း၏ ၁၉၇၄ ဦးသန့်အရေးအခင်းတိုက်ပွဲဝင်သူများ၏ သမိုင်းမှတ်တမ်းစာအုပ် ၂။ https://global.britannica.com/biography/U-Ne-Win ၃။ ဇူလိုင် ၇ ရက် ၁၉၆၂ ဆောင်းပါးများနှင့် အခြား ဆောင်းပါးများ။ ၄။ သိမှီသူ ၆၂- ၇၄- ၇၅- ၇၆- ၈၈ ကျောင်းသားလှုပ်ရှားသူများရဲ့ ပြောကြားချက်များ

A d v e r t i s e m e n t With Us

More News
Up