Home
မြန်မာသတင်း
ကြက်သွန်နီ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဝယ်လိုအားနည်းလာသဖြင့် ဈေးကျနေ
DVB
·
December 28, 2020
မြန်မာပြည်တွင်းမှာ ကြက်သွန်နီတွေ စားသုံးမှုနဲ့ ပြည်ပဝယ်လိုအား လျော့နည်း ကျဆင်းသွားတာကြောင့် ကြက်သွန်နီးဈေးနှုန်းကျနေတယ်လို့ ကြက်သွန်နီကုန်သည်တွေထံကနေ သိရပါတယ်။ လတ်တလော ကြက်သွန်နီလှိုင်လှိုင်ပေါ်နေချိန်ဖြစ်လို့  မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်အတွင်းက ရေစကြိုမြို့နယ်မှာ တောင်သူတွေ  ကြက်သွန်နီတွေ နုတ်သိမ်းနေကြပြီ ဖြစ်ပါတယ်။ အရင်နှစ်က ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၂,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့ပြီးတော့ အခုနှစ်မှာတော့  လက်ရှိ ကြက်သွန်နီပေါက်ဈေး  ငွေကျပ် ၆၀၀ ၀န်းကျင်သာ ရှိနေတာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေတာကြောင့် အလှူမင်္ဂလာပွဲတွေနဲ့ ဘုရား ပွဲတွေ ကျင်းပခွင့်မရလို့  ပြည်တွင်းကြက်သွန်နီ အသုံးပြုနှုန်း နည်းပါးနေတယ်လို့ သိရပါတယ်။ ဒါ့ပြင် ပြည်ပနိုင်ငံတွေကိုလည်း ကြက်သွန်နီ တင်ပို့ရမှုနည်းနေတာကြောင့် အရင်နှစ်ကထက် ဈေးကျဆင်းနေတာဖြစ်တယ်လို့ ကြက်သွန်နီကုန်သည်တွေက ပြောပါတယ်။ လက်ရှိ ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံကို အနည်းငယ်တင်ပို့နေရတာကြောင့် အခု ပေါက်ဈေးအတိုင်းရှိနေတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံက မဝယ်ယူတော့ရင် ဈေးထပ်ကျနိုင်ခြေ ရှိနေတယ်လို့ ပခုက္ကူမြို့က ကြက်သွန်နီကုန်သည်ဦးမိုးဦးက ပြောပါတယ်။ “ယိုးဒယားနဲ့တရုတ်က နည်းနည်းလေးဆွဲနေလို့ ဒီဈေးလေးနဲ့ တင်ခိုင်နေတာ။ ဇန်နဝါရီလထဲ နယ်ကုန်ပဲ။ အဲထက်နည်းနည်းပြန်အေးနိုင်သေးတယ်။ အခုက ယိုးဒယားပဲ အားပြုနေရတာလေ။ ယိုးဒယားဝယ်နေလို့ ဒီဈေးရှိနေသေးတာ။ ယိုးဒယားမဝယ်ရင်ထပ်ပြီးတော့ ကျနိုင်သေးတယ်။ ထွက်အားက ပြီးခဲ့တဲ့နှစ်ထက် နှစ်ပြန်ပိုတယ်။ နှစ်ဆတိုးတယ်၊ တောင်သူက ပြီးခဲ့တဲ့နှစ်က ၁၇ ၊ ၁၈ ရောင်းရတော့ ဒီနှစ် တအားဖိစိုက်ကြတာလေ။ အဲဒါကြောင့်လည်း ပြည်တွင်းစားသုံးသူဈေးကွက်ကို မနိုင်ဘူးလေ။ နောက်ထပ်ကျဦးမှာ နယ်စပ်တွေမှ မသွားရရင်ကျမှာ”။ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်သွန်နီဝယ်ယူမှုများတာကြောင့် ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အခုနှစ် မိုးကြက်သွန်နီတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရောင်းချရမှု မရှိဘူးလို့ ကုန်သည်တွေထံကနေ သိရပါတယ်။ ကြက်သွန်နီဈေးနှုန်းဟာ အရင်နှစ်ကထက် ဈေးနှုန်းကျဆင်းနေပေမယ့် အခုနှစ်မှာ ကြက်သွန်နီစိုက်ပျိုးသူများပြီး ကြက်သွန်နီအထွက်လည်းကောင်းနေတယ်လို့ ရေစကြိုမြို့နယ်က ကြက်သွန်နီစိုက်တောင်သူတွေထံက ပြောပါတယ်။ ကြက်သွန်နီစိုက်ပျိုးရောင်းချတဲ့ တောင်သူတွေအနေနဲ့ ကြက်သွန်နီဈေးနှုန်း ကျဆင်းနေတာ ကြောင့် အမြတ်ငွေမကျန်ဘဲဖြစ်နေရပေမယ့် ရရာဈေးနဲ့ရောင်းချနေရတယ်လို့ ရေစကြိုမြို့နယ် ပေါက်တောကျွန်းကျေးရွာက တောင်သူဦးအောင်စိုးက ပြောပါတယ်။ “အမြတ်ငွေသိပ်မရှိတာပေါ့၊ ကြက်သွန်ကပေါ်ပြီ နုတ်တုန်းနုတ်ဆဲတွေလည်း အများကြီးပဲ ကြက်သွန်က နုတ်နုတ်ရောင်းရောင်းရောင်းနေကြတာပဲလေ။ မနုတ်ရသေးတဲ့သူလည်း မနုတ်ရ သေးဘူးပေါ့။ ကြက်သွန်ဈေးကတော့ တက်မယ်လို့ မထင်တော့ဘူး။ ကိုဗစ်ကာလကြောင့်မို့လို့ နုတ်ရောင်းရောင်းရတော့တာပဲလေ။ ရတဲ့ဈေးနဲ့ရောင်းရတာ။ ကိုဗစ်ကာလပြီးသွားလို့ လမ်းပန်း ဆက်သွယ်ရေးကောင်းလာရင်တော့ ကြက်သွန်နီစျေး ပြန်ကောင်းရင်ကောင်းနိုင်တာပေါ့”။ ရေစကြိုမြို့နယ်အတွင်းမှာ ကြက်သွန်နီစိုက်ခင်းတွေမှာ အရင်နှစ်က စိုက်ခင်းတစ်ဧကကို  ပိဿာချိန် ၁.၅၀၀ လောက်ပဲထွက်ခဲ့ပေမယ့် အခုနှစ်မှာတော့ ကြက်သွန်နီ ပိဿာချိန် ၃,၀၀၀ ကျော် အထိ အထွက်ကောင်းရနေကြတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။ ရေစကြိုမြို့နယ်က ကြက်သွန်နီစိုက်တောင်သူတွေအနေနဲ့ ကြက်သွန်နီတွေကို ရေစကြို၊ ပခုက္ကူ၊ မုံရွာ၊ မန္တလေး စတဲ့မြို့တွေကို တင်ပို့ရောင်းချလေ့ရှိပါတယ်။ သတင်း - အိဝါမောင် ဓာတ်ပုံ - ဦးမိုးဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024