Homeမြန်မာသတင်း
လွိုင်ကော်မြို့နယ်၌ ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိ
လွိုင်ကော်မြို့နယ်၌ ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိ
DVB
·
December 28, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မိုးနဲဘက်မှ လွိုင်ကော်ဘက်သို့ မူးယစ်ဆေးဝါး ပမာဏအများအပြား သယ်ဆောင်လာမယ့်သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီမှာ SKAT အမျိုးအစားမော်တော်ယာဉ်ရောက်ရှိလာလို့ အဆိုပါယာဉ်ကို လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီခွဲအချိန် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ လွယ်တမူကျေးရွာအနီး ကြိုတင်စောင့်ဆိုင်းနေတဲ့ ပိတ်ဆို့ရေး အဖွဲ့နဲ့ ပူးပေါင်းပြီး တားဆီးစစ်ဆေးခဲ့တာလို့ဆိုပါတယ်။
ယာဉ်မောင်း ထွန်းနိုင်(ခ)မောင်စိ မောင်းနှင်ပြီး ခွန်းမာချယ်သိန်း လိုက်ပါလာတဲ့ အဆိုပါ မော်တော်ယာဉ်ကို အသေးစိတ်ရှာဖွေရာ ယာဉ်ရဲ့ ကိုယ်ထည်ကြမ်းခင်း အောက်မှာ အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာတဲ့ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၀၅၀,၀၅၅ ပြား သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သို့ သယ်ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့လည်း ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း ထွန်းနိုင်(ခ)မောင်စိ(၄၅)နှစ်နဲ့ ယာဉ်ပေါ်လိုက်ပါလာတဲ့ ခွန်းမာချယ်သိန်း (၃၃)နှစ်တို့ကို အမှုဖွင့်အရေးယူထားပါတယ်။
ဓာတ်ပုံ- MOHA