ကိုဗစ်-၁၉ လူနာသစ် ၆၀၆ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၂ ဦးထပ်တိုး
DVB
·
December 27, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၆၀၆ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ မိနစ် ၂၀ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၂ ထဲမှာ ၁၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂၆ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆,၆၀၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၆၀၆ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၀၆၀ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၄၄ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၄၁၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၀၆၂ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၁,၈၈၆ ယောက်၊ သေဆုံးသူ ၂,၆၀၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၃,၂၂၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၀ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၇ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၅၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
ပုံစာ- မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)