ရွေးကောက်ပွဲ မဲစာရင်းများကို အငြိမ်းစားတပ်မတော်သားများ ပြုစုခဲ့ဟုဆို
DVB
·
December 27, 2020
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းတွေကို ပြုစုခဲ့တာဟာ အငြိမ်းစားတပ်မတော်သားတွေပဲ ဖြစ်တယ်လို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တယောက်က ပြောပါတယ်။
တပ်မတော်သားတွေ ပါဝင်မဲပေးခဲ့တဲ့ မဲဆန္ဒနယ်တွေက ကော်မရှင်ရဲ့စာရင်းတွေကို တပ်မတော်က စိစစ်ကြည့်တဲ့အခါ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းတွေ၊ တကြိမ်ထက်ပိုပြီး မဲပေးခွင့်ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းတွေကို တွေ့ရတယ်လို့ တပ်မတော်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ်ထပ်မံထုတ်ပြန်ပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မဲဆန္ဒရှင်စာရင်းကောက်ယူခဲ့တဲ့ ကော်မရှင်ရဲ့ အဓိကတာဝန်ရှိသူတွေဟာ တပ်မတော်သားအငြိမ်းစားတွေပဲ ဖြစ်တယ်လို့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သင်္ချာအောင်သင်းက ပြောပါတယ်။
“ဝန်ထမ်းတွေက တပ်က လက်ထောက်ညွှန်မှူးလောက်အထိ ညွှန်မှူးအဆုံး၊ နောက် ဦးစီးမှူးအထိ တပ်က များပါတယ်။ ၂၀၁၅ မှာ ဦးတင်အေးတို့ ခန့်လိုက်တဲ့ တပ်ဘက်က များပါတယ်။ လူကြီးတွေကတော့ ထိန်းကျောင်းဖို့ပါ။ ရာနှုန်းပြည့်မဲစာရင်းမှန်ပါတယ် ဆိုတာတော့ ဘယ်နေရာမှာမှ မရှိနိုင်ပါဘူး၊ ၉၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းမှန်ကန်တယ်ဆိုတာကတော့ ရဲရဲပြောရဲပါတယ်” လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတဝန်း တပ်မတော်သားတွေ ပါဝင်မဲပေးခဲ့တဲ့ မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိခဲ့တာပါ။
တပ်မတော်က မဲစာရင်းတွေထပ်နေတယ်၊ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းတွေတွေ့တယ်လို့ ဝေဖန်နေသလို ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲတိုင်ကြားမှု အမှု ၇၀ ကျော်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို တင်သွင်းတိုင်ကြားထားပါတယ်။
တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေဟာလည်း ရွေးကောက်ပွဲကော်မရှင်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်နေတာလို့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်ဆောင်အဖွဲ့ဝင် ဦးသိန်းထွန်းဦးက ပြောပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့တွေကတော့ ကော်မရှင်မှာ အားနည်းချက်တချို့ ရှိခဲ့တာမှန်ပေမယ့် နေရာတိုင်းမှာ မသမာမှုဖြစ်ခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
တပ်မတော်က မဲစာရင်းတွေကို စိစစ်နေတာနဲ့ပတ်သက်ပြီး တပ်တွေရှိတဲ့မြို့တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဖြစ်စဉ်တွေကို စိစစ်နေတာဟာ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တာတွေကို ပြောနိုင်အောင် ဆောင်ရွက်တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်။
တပ်မတော်က လက်ရှိအချိန်အထိ မြို့နယ်ပေါင်း ၇ ခုက စာရင်းတွေကို စစ်ဆေးပြီးစီးခဲ့ပြီး ထပ်နေတဲ့၊ မသမာမှုဖြစ်နိုင်တဲ့ မဲစာရင်း ၁၃၀၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။