လက်ပံတန်းက ရင်ကျပ်လူနာ ဆေးရုံပို့စဉ် သေဆုံး၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
December 25, 2020
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ရင်ကျပ်မောပန်းနေသူတစ်ဦးကို ဆေးရုံကို ပို့ဆောင်စဥ် လမ်းတွင်သေဆုံးသွားတာကြောင့် RDT နဲ့ စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မြို့နယ် ကိုဗစ်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဇော်ထက်နိုင်က “အသက် ၇၅ နှစ်ရှိတဲ့ နဲနမိတ်လမ်းက လူက နေမကောင်းလို့ ဆေးခန်းကို လာပြတယ်။ မောနေကျပ်နေတာဖြစ်တဲ့အတွက် ဆရာဝန်ကြီးက ဆိုက်ကားပေါ်က မဆင်းခိုင်းဘဲနဲ့ ကျနော်တို့အဖွဲ့ကို အကူအညီတောင်းပြီး ဆေးစစ်ဖို့ ဆေးရုံသံဃာဆောင်ကို သယ်ခိုင်းတာ လမ်းမှာတင်ဆုံးသွားတယ်။” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ မအူကုန်းရပ်ကွက် နဲနမိတ်လမ်းက ဖြစ်ပြီး သူနဲ့ဆက်စပ်တဲ့ မိသားစု ၄ ယောက်ကို စစ်ဆေးရာမှာလည်း ၃ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနဲနမိတ်လမ်းမှာ မနေ့ကနဲ့ ဒီနေ့မနက်ပေါင်း အခုသေဆုံးလူနာ အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၁၁ ဦးတွေ့ရှိခဲ့တာကြောင့် လမ်းကို lockdown ချလိုက်ပြီလို့ ဆိုပါတယ်။
လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄၄၁ ဦးရှိတဲ့အနက် လက်ရှိ ကုသမှုခံယူနေသူ ၃၇ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိပြီလို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထံက သိရှိရပါတယ်။
ဝဏ္ဏထွန်း